အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၁)နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အုပ်စု(က)တွင် ကချင်ပြည်နယ်အသင်းက အုပ်စု ပထမနှင့် မန္တလေးတိုင်းဒေသကြီးအသင်းက အုပ်စု ဒုတိယဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်

နေပြည်တော်၊ ဇူလိုင် ၃၀။

မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရန်နှင့် ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၁) နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲများကို ယနေ့မွန်းလွဲ(၃)နာရီတွင် ပေါင်းလောင်းအားကစားကွင်းနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၁)တို့တွင် ကျင်းပခဲ့သည်။

ယနေ့ ဘောလုံး (အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပေါင်းလောင်းအားကစားကွင်းတွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ဖက်စလုံး ဂိုးမရှိ သရေရလဒ်ဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၁)တွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ နှစ်ဖက်စလုံး (၂)ဂိုးစီ သရေရလဒ်ဖြင့်လည်းကောင်း အသီးသီး အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး အုပ်စု(က)တွင် ကချင်ပြည်နယ်အသင်းက အုပ်စု ပထမနှင့် မန္တလေးတိုင်းဒေသကြီးအသင်းက အုပ်စု ဒုတိယဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ မွန်းလွဲ(၃)နာရီတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် ဘောလုံး (အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပေါင်းလောင်းအားကစားကွင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၁)တွင် ချင်းပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်၍ ဘောလုံးအားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။