အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားပြိုင်ပွဲများနှင့် မသန်စွမ်းအားကစားပြိုင်ပွဲ အသင်းမန်နေဂျာများအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၄

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင်ပါဝင်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ကြက်တောင်၊ လက်ဝှေ့၊ ခရစ်ကက် (အမျိုးသား/အမျိုးသမီး)အားကစားနည်းများနှင့် မသန်စွမ်းအားကစား နည်းများဖြစ်သည့် ပြေးခုန်ပစ်၊ ရေကူး၊ ထိုင်လျက်ဘော်လီဘော၊ စစ်တုရင်(မျက်မမြင်) အားကစား ပြိုင်ပွဲများ၏ အသင်းမန်နေဂျာများအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အမှတ်(၃)၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း(ရွာတော်)နှင့် လယ်ဝေး TC-2 တို့တွင်ကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် အသင်းများမှ အားကစားသမားများသည် ကြိုတင်ဖြန့်ဝေအသိပေးထားသည့် စည်းမျဉ်း/စည်းကမ်းများနှင့် ကိုက်ညီမှု ရှိ/ မရှိ စိစစ်ပြီးနောက် ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များကိုညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ကြက်တောင်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲတွင် ကျား(၁၄) သင်း၊ မ(၁၀)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီးအုပ်စုပတ်လည်ပွဲစဉ်များကို ဒီဇင်ဘာလ (၅)ရက်နေ့မှ (၆)ရက်နေ့အထိ နံနက် ၉ နာရီအချိန်မှစတင်၍လည်းကောင်း၊ ကွာတားဖိုင်နယ်ပွဲစဉ်များကို ဒီဇင်ဘာလ (၇)ရက်နေ့ နံနက် ၉ နာရီအချိန်မှစတင်၍လည်းကောင်း၊ အကြိုဗိုလ်လုပွဲ ပွဲစဉ်များနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ဒီဇင်ဘာလ (၈)ရက်နေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ C ၌ ကျင်းပသွားမည်ဖြစ်သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ခရစ်ကက်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲတွင် ကျား(၁၀) သင်း၊ မ(၁၀)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အုပ်စုပတ်လည်ပွဲစဉ်များကို ဒီဇင်ဘာလ(၅)ရက်နေ့မှ (၁၀)ရက်နေ့အထိ နံနက် ၇ နာရီခွဲအချိန်မှစတင်၍လည်းကောင်း၊ အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို ဒီဇင်ဘာလ (၁၂)ရက်နေ့ နံနက် ၈ နာရီအချိန်မှစတင်၍လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်များကို ဒီဇင်ဘာလ (၁၄)ရက်နေ့ နံနက် ၈ နာရီအချိန်မှစတင်၍ မြားပစ်ကွင်းနှင့် ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း(၂)တို့၌ ကျင်းပသွားမည် ဖြစ်သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် လက်ဝှေ့ (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲတွင် ကျား(၁၄)သင်း၊ မ(၁၃)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ရှုံးထွက်ပွဲစဉ်နှင့် အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို ဒီဇင်ဘာလ (၆)ရက်နေ့မှ (၁၁)ရက်နေ့အထိ နံနက် ၉ နာရီအချိန်မှစတင်၍လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်များကို ဒီဇင်ဘာလ (၁၂)ရက်နေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ ဝဏ္ဏသိဒ္ဓိလက်ဝှေ့အားကစားရုံ၌ ကျင်းပသွားမည်ဖြစ်သည်။

မသန်စွမ်းအားကစားပြိုင်ပွဲများဖြစ်သည့် ပြေးခုန်ပစ်အားကစားပြိုင်ပွဲတွင် ကျား(၅)သင်း၊ မ(၅)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဒီဇင်ဘာလ (၅)ရက်နေ့ ဗိုလ်လုပွဲ ပွဲစဉ်များဖြစ်သည့် F 64 (အမျိုးသား) သံလုံးပစ်ပြိုင်ပွဲကို နံနက် ၇ နာရီခွဲအချိန်မှ စတင်၍လည်းကောင်း၊ F 54/55 (အမျိုးသမီး)သံပြားပစ်ပြိုင်ပွဲကို နံနက် ၈ နာရီအချိန်မှ စတင်၍လည်းကောင်း၊ F 46 (အမျိုးသား) သံလုံးပစ်ပြိုင်ပွဲကို နံနက် ၈ နာရီ ၁၅ မိနစ် အချိန်မှစတင်၍ လည်းကောင်း၊ F 42 (အမျိုးသား)တန်းမြင့်ခုန်ပြိုင်ပွဲကို နံနက် ၈ နာရီခွဲ အချိန်မှစတင်၍ လည်းကောင်း၊ T 46/47 (အမျိုးသား)မီတာ ၁၅၀၀ ပြိုင်ပွဲကို နံနက် ၈ နာရီ ၄၀ မိနစ် အချိန်မှစတင်၍ လည်းကောင်း၊ F 56/57 (အမျိုးသား)သံပြားပစ်ပြိုင်ပွဲကို နံနက် ၈ နာရီ ၅၀ မိနစ် အချိန်မှစတင်၍ လည်းကောင်း၊ T 64 (အမျိုးသား)မီတာ ၂၀၀ ပြိုင်ပွဲကို နံနက် ၉ နာရီ အချိန်မှစတင်၍ လည်းကောင်း၊ ဒီဇင်ဘာလ (၆) ရက်နေ့ ဗိုလ်လုပွဲပွဲစဉ်များဖြစ်သည့် F 44/62/63/64 (အမျိုးသမီး) သံလုံးပစ်ပြိုင်ပွဲကို နံနက် ၉ နာရီ ၅ မိနစ် အချိန်မှစတင်၍လည်းကောင်း၊ T 44/64 (အမျိုးသမီး)မီတာ ၂၀၀ ပြိုင်ပွဲကို နံနက် ၉နာရီ ၁၅ မိနစ် အချိန်စတင်၍လည်းကောင်း၊ F 62/63 (အမျိုးသား) လှံတံပစ်ပြိုင်ပွဲကို နံနက် ၉ နာရီခွဲ အချိန်မှစတင်၍လည်းကောင်း၊ T 46/47 (အမျိုးသား) မီတာ ၂၀၀ ပြိုင်ပွဲကို နံနက် ၉ နာရီ ၄၅ မိနစ် အချိန်မှစတင်၍ လယ်ဝေး TC-2 အားကစားကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

မသန်စွမ်းရေကူးပြိုင်ပွဲတွင် ကျား(၅)သင်း၊ မ(၅)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲများကို ဒီဇင်ဘာလ (၅)ရက်နေ့နှင့်(၆)ရက်နေ့များတွင် နံနက် ၉ နာရီအချိန်မှစတင်၍ ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ထိုင်လျက်ဘော်လီဘော(အမျိုးသား) အားကစားပြိုင်ပွဲများတွင် အမျိုးသား(၅)သင်း ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး အုပ်စုပတ်လည်ပွဲစဉ်များကို ဒီဇင်ဘာလ (၅)ရက်နေ့မှ (၆)ရက်နေ့အထိနံနက် ၈ နာရီ အချိန်မှစတင်၍လည်းကောင်း၊ တတိယလုပွဲ ပွဲစဉ်ကို ဒီဇင်ဘာလ (၈)ရက်နေ့ နံနက် ၈ နာရီ အချိန်မှစတင်၍လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်ကို ဒီဇင်ဘာလ (၁၃) ရက်နေ့ နံနက် ၈ နာရီအချိန်မှစတင်၍ လယ်ဝေး TC-2 အားကစားကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

မျက်မမြင်စစ်တုရင် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲတွင် ကျား(၅)သင်း၊ မ(၅)သင်း ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး ဒီဇင်ဘာလ (၅)ရက်နေ့တွင် အမျိုးသား/အမျိုးသမီး(လုံးဝမမြင်) B 1 ပြိုင်ပွဲများကို နံနက် ၉နာရီ အချိန်မှစတင်၍လည်းကောင်း၊ အမျိုးသား/အမျိုးသမီး (တစ်စိတ်တစ်ဒေသမြင်) B 2 ပြိုင်ပွဲများကို နံနက် ၉ နာရီအချိန်မှစတင်၍လည်းကောင်း၊ ဒီဇင်ဘာလ(၆)ရက်နေ့တွင် အမျိုးသား/အမျိုးသမီး (လုံးဝမမြင်) B 1 ပြိုင်ပွဲများကို နံနက် ၉နာရီအချိန်မှစတင်၍လည်းကောင်း၊ အမျိုးသား/အမျိုးသမီး (တစ်စိတ်တစ်ဒေသမြင်)B 2 ပြိုင်ပွဲများကိုနံနက် ၉ နာရီအချိန်မှစတင်၍ လယ်ဝေး TC-2 အားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။