အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ် နွေရာသီအဆင့်မြင့်အားကစားသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ မေလ(၉)ရက်။

၂၀၂၄ ခုနှစ် နွေရာသီအဆင့်မြင့်အားကစားသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်အားကစားရုံ၌ ကျင်းပရာ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီ နာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော် အားကစားနှင့်ကာယပညာကော်မတီ နာယက၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် နွေရာသီအဆင့်မြင့် အားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် မြန်မာ့အားကစား အဆင့်အတန်းတိုးတက်ရေးအတွက် အခြေခံကျသော ကျောင်းသား/ကျောင်းသူ လူငယ်မောင်မယ်များ ပြုစုပျိုးထောင်ပေးနိုင်ခြင်း၊ နွေရာသီ အားလပ်ရက်များကို အကျိုးရှိစွာအသုံးချနိုင်ခြင်း၊ အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာသန်စွမ်းသော မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာခြင်း၊ အခြေခံမှသည် နိုင်ငံ့ဂုဏ်ဆောင်နိုင် သည်အထိ ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွန်းလာစေမှာဖြစ်ကြောင်း၊ အားကစားနှင့်ပညာရေး အချိုးညီစွာ ပေါင်းစပ် ဆောင်ရွက်ခြင်းဖြင့် ကျောင်းသား လူငယ်များ အားကစားလှုပ်ရှားမှုများတွင် စိတ်ပါဝင်စားမှု၊ ပူးပေါင်းဆောင်ရွက်မှု မြင့်တက်လာစေပြီး ဗလငါးတန် ဖွံ့ဖြိုးမှုတို့ကို အထောက်အကူပြုစေမှာ ဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူ လူငယ်များအားလုံး မိမိကိုယ်ကို ယုံကြည်သည့်စိတ်၊ ခိုင်မာသည့်စိတ်ဓာတ်နှင့် မိမိရည်မှန်းချက်ကို အောင်မြင်အောင် ကြိုးစားကြစေလိုကြောင်း၊ နွေရာသီအဆင့်မြင့် အားကစားသင်တန်းများမှတဆင့် နေပြည်တော်၏ဂုဏ်၊ နိုင်ငံ့၏ ဂုဏ်ကို ဆောင်နိုင်သည့် အားကစားသမားကောင်းများဖြစ်လာအောင် စွမ်းစွမ်းတမံ ဆက်လက်ကြိုးစား လေ့ကျင့်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထိုနောက်သင်တန်းဆင်းလက်ရည်စစ်မြားပစ်ပြိုင်ပွဲအား ကြည့်ရှု့ခဲ့ပါသည်။ ဆက်လက်၍နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ၊ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးမှ သင်တန်းနည်းပြများ ကိုယ်စားနည်းပြနှစ်ဦးအား ဂုဏ်ပြုချီးမြှင့်‌ငွေကျပ်(၂၆)သိန်း၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးမှ သင်တန်းသား/သူများ ကိုယ်စားသင်တန်းသား/သူနှစ်ဦးကိုသင်တန်းဆင်းလက်မှတ်ချီးမြှင့်ခဲ့ပြီး နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီ နာယက၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးမှမြားပစ်လက် ရည်စစ်ပြိုင်ပွဲတွင် ဆုရရှိသည့် သင်တန်း သား/သင်တန်းသူများဆုများ ချီးမြှင့်ကြသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် နွေရာသီအဆင့်မြင့် အားကစားသင်တန်းကို ဧပြီ ၂၅ရက်နေ့မှ မေ ၈ ရက်နေ့အထိ အားကစားနည်း(၁၁)နည်းကို သင်တန်းသား/သင်တန်းသူ (၈၉၀)ဦးတို့ အား သင်တန်းကာလ (၁၄)ရက်ကြာ ဖွင့်လှစ်ခဲ့ပါသည်။