အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက် (၂၅)နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ (၂၆)။

National Fitness ဖြစ်သည့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူဖြစ်စေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးဖြင့် ချစ်ခင်ရင်းနှီးမှုရရှိစေရေး၊ ဝန်ထမ်းများတက်ကြွရွှင်လန်းစွာဖြင့် လုပ်ငန်းတာဝန်များကို ပိုမိုထမ်းရွက်နိုင်စေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ဆက်လက်ကျင်းပခဲ့သည်။

ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက်ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ပထမအဆင့်အုပ်စုပတ်လည် ပွဲစဉ်များအဖြစ် မွန်းလွဲ(၃)နာရီတွင် လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက်(၁)ဂိုးစီသရေ ရလဒ်ထွက်ပေါ်ခဲ့သည်။

အဆိုပါ ဘောလုံး (အမျိုးသား)ပြိုင်ပွဲသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ၊ ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ လာရောက် ကြည့်ရှုအားပေးခဲ့သည်။

ဒီဇင်ဘာ(၂၇)ရက်နေ့၊ နံနက်(၇)နာရီခွဲတွင် လေ့ကျင့်ရေးကွင်းအမှတ် (၃)၌ စွမ်းအင်ဝန်ကြီးဌာန အသင်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်း၊ မွန်းလွဲ(၃)နာရီတွင် လေ့ကျင့်ရေးကွင်းအမှတ် (၁)၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာနအသင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့ ဆက်လက် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။