အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး(အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ (၁)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၈)နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ်(၁)နှင့်(၃)ကြား၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရာထမ်း/အမှုထမ်းများ၊ အားကစားဝါသနာ ရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။

ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး အသင်းက သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာနအသင်းကို ရမှတ် (၉)မှတ်၊ ရမှတ်မရှိဖြင့် လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက ပြန်ကြားရေးဝန်ကြီးဌာနအသင်းကို ရမှတ်(၄၆) မှတ်၊(၅)မှတ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက နေပြည်တော် စည်ပင်သာယာရေးကော်မတီအသင်းကို ရမှတ်(၅၇)မှတ်၊ ရမှတ်မရှိဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနအသင်းကို ရမှတ်(၃၇)မှတ်၊ ရမှတ်မရှိဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအသင်းကို ရမှတ်(၄၉)မှတ်၊(၁)မှတ်ဖြင့်လည်းကောင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးအသင်းကို ရမှတ်(၁၈) မှတ်၊ (၃)မှတ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းကို ရမှတ်(၂၁)မှတ်၊ (၇)မှတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

၂၀၂၄ခုနှစ်၊ ဇန်နဝါရီ(၂)ရက်နေ့ နံနက်(၇)နာရီမှစတင်၍ ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး (အမျိုးသမီး) ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ်(၁)နှင့်(၃)ကြား၌ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်း နှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းနှင့် အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်၍ အားကစား ဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။