အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား အသက်(၂၀)နှစ်နှင့်အောက် အမျိုးသား/အမျိုးသမီး တံခွန်စိုက်ဘော်လီဘောပြိုင်ပွဲကျင်းပ

ရန်ကုန်၊ ဩဂုတ် ၁၀ရက်

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား အသက်(၂၀)နှစ်နှင့်အောက် အမျိုးသား/အမျိုးသမီး တံခွန်စိုက်ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစား ပြိုင်ဝင်း မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှညွှန်ကြား‌ရေးမှူးများနှင့်တာဝန်ရှိသူများ၊ မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများနှင့် ဘင်ခရာအဖွဲ့ကျောင်းသူများ၊ ဖိတ်ကြားထားသူများနှင့် အားကစားသမားများတက်ရောက် ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယနေ့ကမ္ဘာပေါ်တွင်လူဦးရေ(၈)ဘီလီယံခန့်ရှိရာ ကမ္ဘာ့ လူဦးရေစုစုပေါင်း၏ ၁၈ ရာခိုင်နှုန်းခန့်သည် လူငယ်များဖြစ်ကြကြောင်း၊ ယနေ့ကမ္ဘာကြီးတွင် လူငယ်များ ၏အရေးပါသောအခန်းကဏ္ဍကို အသိအမှတ်ပြုရန် ၁၉၉၁ ခုနှစ်၊ သြစတြေးလျနိုင်ငံ Vienna မြို့၌ကျင်းပခဲ့ သည့် ပထမအကြိမ်ကမ္ဘာ့လူငယ်များဖိုရမ်သို့ တက်ရောက်လာခဲ့သည့်လူငယ်များက အပြည်ပြည်ဆိုင်ရာလူ ငယ်များနေ့ ကျင်းပရန်အဆိုပြုခဲ့ရာ သြဂုတ် ၁၂ ရက်နေ့အား အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အဖြစ် ကြေညာ၍ သြဂုတ် ၁၂ ရက်မတိုင်ခင် လူငယ်လှုပ်ရှားမှုများကို ကမ္ဘာတစ်ဝန်း၌ ကျင်းပလျက်ရှိကြောင်း၊ ယခုလိုအပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်၏တစ်မျိုးသားလုံးကျန်းမာကြံ့ ခိုင်ရေး ဆိုတဲ့ မျှော်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကကျတဲ့ပြည်သူတစ်ရပ်လုံး အားကစားလှုပ်ရှားမှုများမှာပါဝင်လာဖို့ အမျိုးသားရေးတစ်ရပ်အနေနဲ့ခံယူပြီး အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ရမှာဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားကာ ပြိုင်ပွဲအားဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်လေးချက်ရွတ်ဆိုကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီးဝန်ကြီးများက ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီး နှီးလိုက်လံနှုတ်ဆက်ကြသည်။ ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်းမှပြန်လည်ထွက်ခွာ သွားကြသည်။

ယင်းနောက် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးဌေးအောင်က မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ်ပြီး ဖွင့်ပွဲအခမ်းအ နားကိုရုပ်သိမ်းခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်ဖိတ်ကြား ထားသူများ သည် ပထမနေ့ပြိုင်ပွဲများအား ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါဘော်လီဘောပြိုင်ပွဲတွင် အမျိုးသားအသင်း ၁၄ သင်းနှင့် အမျိုးသမီးအသင်း ၇ သင်းမှ ကစားသမား ၂၅၀ ကျော်တို့က သြဂုတ် ၁၈ ရက်နေ့ထိယှဉ်ပြိုင်ကြမည်ဖြစ်ရာ ဝါသနာရှင်များ ၊အများပြည်သူများ မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှု အားပေးနိင်ပါသည်။

ပြိုင်ပွဲတွင် ဆုကြေးငွေအဖြစ် အမျိုးသား ပြိုင်ပွဲပထမဆု ငွေကျပ်သိန်း ၁၀၀၊ ဒုတိယဆု ငွေကျပ်သိန်း ၅၀၊ တတိယဆု ငွေကျပ် ၂၅ သိန်း၊ စတုတ္ထဆု ငွေကျပ် ၁၅ သိန်း၊ အကောင်းဆုံးဆု ငွေကျပ် ၁၀ သိန်း၊ အမျိုးသမီးပြိုင်ပွဲပထမဆု ငွေကျပ်သိန်း ၆၀၊ ဒုတိယ ဆုငွေကျပ်သိန်း ၃၀ ၊ တတိယဆုငွေကျပ် ၁၅ သိန်း၊ စတုတ္ထဆုငွေကျပ် ၁၀ သိန်းနှင့် အကောင်းဆုံးဆု ငွေကျပ် ၅ သိန်းချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။