၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
တောင်ကြီးမြို့၊ နိုဝင်ဘာလ(၈)ရက်။
၂၀၂၄ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေ(၁၇:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင် ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ ၊ ဆုရအားကစားသမားများနှင့် အုပ်ချုပ်သူ / နည်းပြများ နှင့် အားကစားဝါသနာရှင်မိဘပြည်သူများက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။
ရှေးဦးစွာ ဆုချီးမြှင့်ခြင်းအခမ်းအနားမစတင်မီ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်တာဝန်ရှိသူများက ညနေ(၁၇:၀၀)နာရီအချိန်၌ ဗိုလ်လုပွဲစဥ်များအား ကြည့်ရှုအားပေးခဲ့ကာ ကီလိုတန်းအလိုက် ဆုရရှိသောအားကစားသမားများအား တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်သွားခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။




