အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် ကလပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးလက်ဝှေ့ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ကြီး၊ စက်တင်ဘာလ ၂ ရက်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မှကြီးမှူးကျင်းပသည့် ၂၀၂၄ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် ကလပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲအား (၂.၉.၂၀၂၄)ရက်နေ့ မွန်းလွဲ (၁၅း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း နှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ပြည်နယ်လက်ဝှေ့ဆပ်ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောအားကစားဆပ်ကော်မတီအလိုက်မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။

ပထမဦးစွာ ပြိုင်ပွဲဝင်အသင်းများမှအားကစားသမားများက အားကစားကွင်းအတွင်း၌နေရာယူခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီးအား စစ်ကြောင်းမှူးက ဦးဆောင်ကာ အလေးပြုတန်းအပ်ပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ် အနက် လူမှုရေးဦးတည်ချက်တွင်ပါဝင်သော ” တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး ” ဟူသောဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် လူငယ်လူရွယ်များ အားကစားကို ချစ်မြတ်နိုးပြီး အားကစားစိတ်ဓာတ်ရင့်သန်တဲ့ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ယခုလိုပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲကိုကျင်းပပြုလုပ်ပေးရသည့် ရည်ရွယ်ချက်ကတော့ လက်ဝှေ့အားကစားနည်းအပေါ် မျိုးဆက်သစ်လူငယ်များပိုမိုစိတ်ဝင်စားလာစေရေး၊ ရှမ်းပြည်နယ်အတွင်း လက်ဝှေ့အားကစားနည်းများ ပြန့်ပွားလာစေရေး၊ နယ်မြေဒေသအသီးသီးကအားကစားသမား အချင်းချင်းချစ်ကြည်ရင်းနှီးမှုပိုမိုရရှိလာစေရေး၊ မြန်မာ့လက်ဝှေ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ ထူးချွန်သောသွေးသစ်လက်ဝှေ့ အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေး၊ ကျန်းမာပြီးကြံ့ခိုင်သော လူငယ်များအဖြစ် ရှမ်းပြည်နယ်၏ အားကစားကဏ္ဍတိုးတက်လာစေပြီး မျိုးဆက်သစ်နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများပေါ်ထွက်လာစေလိုတဲ့အတွက်ကြောင့်ဖြစ်ပါကြောင်း၊ လက်ဝှေ့အားကစားနည်းဟာဆိုရင် အရင်ဆုံး အီဂျစ်နိုင်ငံတွင် ပေါ်ပေါက်ခဲ့သည်ဟု ယူဆခဲ့ကြပြီးအထူးသဖြင့် အီဂျစ်တွင် ဘီစီ(၃၀၀၀) ခန့်ကာလက လက်ဝှေ့ပြိုင်ပွဲကို ပထမဆုံးကျင်းပခဲ့ပါကြောင်း၊ အဲ့ဒီကမှတဆင့် ဂရိနှင့် ရောမတို့တွင်လည်း ရေပန်းစားလာခဲ့ပြီး အိုလံပစ်ပြိုင်ပွဲများတွင် ထည့်သွင်းကျင်းပခဲ့ပါကြောင်း၊ ခေတ်သစ်လက်ဝှေ့ အားကစားနည်းကိုတော့ (၁၈) ရာစုအလယ်ပိုင်းတွင် အင်္ဂလန်နိုင်ငံမှ စတင်ခဲ့ပြီး စည်းမျဉ်း/စည်းကမ်း များကို ဖန်တီးခဲ့ကာ လက်ဝှေ့အားကစားကို ပိုမိုစည်းကမ်းတကျဖြစ်စေခဲ့ပါကြောင်း၊ လက်ဝှေ့အားကစားနည်းဟာ မိမိကိုယ်ကိုခုခံကာကွယ်သည့် ကိုယ်ခံပညာရပ်တစ်ခုဖြစ်ပါကြောင်း၊ လက်ဝှေ့ထိုးခြင်း၏ ရည်ရွယ်ချက်မှာ မိမိကတစ်ဖက်လူကို မိအောင်ထိုး၍ တစ်ချိန်တည်းတွင် တစ်ဖက်လူ၏အထိုးမခံရအောင်ကာကွယ်ခြင်းဘဖြစ်ပါကြောင်း၊ လက်ဝှေ့အားကစားနည်းဟာ ယနေ့ခေတ်မှာတော့ အားကစားနည်းအဖြစ်သာမက အားကောင်းမှုနှင့် စွမ်းရည်ပြသရန် အစွမ်းထက်သော နည်းလမ်းတစ်ခုအဖြစ်လည်း ရေပန်းစားနေဆဲဖြစ်ပါကြောင်း၊ ဒါကြောင့်ယခုအခါတွင် ပြိုင်ပွဲအသွင်သာမက ကျန်းမာရေးကောင်းမွန်စေရန် လေ့လာလိုက်စားတဲ့ အားကစားနည်းတစ်ရပ်အဖြစ် ကလပ်များစုဖွဲ့ကာ ကစားလာကြတာကိုတွေ့ရှိရပါကြောင်း နှင့် ကျန်းမာကြံ့ခိုင်မှု သက်လုံကောင်းမှု သွက်လက်လျင်မြန်ပေါ့ပါးမှု ဇွဲလုံ့လစိတ်ဓာတ်ကြံ့ခိုင်မှုတို့ အထူးလိုအပ်တဲ့အားကစားနည်းလဲဖြစ်ပါကြောင်း ၊ အားကစားဆိုသည်မှာ ဘက်ပေါင်းစုံ အရည်အသွေးပြည့်မီစေရေန် နိုင်ငံတော်၏ပံ့ပိုးမှု ပြည်သူများ၏အားပေး မှု အားကစားဝါသနာရှင်များရဲ့ကူညီထောက်ပံ့မှုအပြင် အဓိကကျတဲ့အားကစားသမားများနှင့် အားကစားလောကမှာ စီမံအုပ်ချုပ်သူများရဲ့ခံယူချက်မှန်ကန်ဖို့ ဇွဲစိတ်ဓာတ်အရင်းခံပြီးကြိုးစားအားထုတ်မှု ထက်မြက်နေဖို့အထူးလိုအပ်၍ ပြောကြားလိုပါကြောင်း၊ မြို့နယ်ကိုယ်စားပြုဝင်ရောက်ယှဥ်ပြိုင်ကြတဲ့အားကစားသမားများအနေနဲ့လည်း မြို့နယ်ဂုဏ်၊ ခရိုင်ဂုဏ်၊ ပြည်နယ်ဂုဏ်၊ နိုင်ငံ့ဂုဏ်၊ အမျိုးသားရေးဂုဏ်များမြှင့်တင်နိုင်အောင် လှေခွက်ချည်းကျန်၊ အလံမလှဲ စွမ်းစွမ်းတမံ ပြိုင်ပွဲဝင်သွားကြပါလို့ မှာကြားလိုပါကြောင်း အစရှိသည်များကို ပြောကြားသွားကာ ဆက်လက်ပြီး ပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာအဓိဌာန်(၄)ချက်ကို သံပြိုင်ရွတ်ဆိုခဲ့ကြကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကာ အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ပါသည်။

ပြည်နယ်လူမှုရေးရာဝန်ကြီးမှ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သော အ.ထ.က(၇)ဘင်ခရာ အဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကာ ဖွင့်ပွဲပွဲစဥ်အဖြစ် အမျိုးသမီး (54-57)ကီလိုတန်းပြိုင်ပွဲတွင် နှင်းဆီအေး(နမ့်စန်) နှင့် မိုးပြည့်ပြည့်လွင်(ကလော)တို့ ယှဥ်ပြိုင်နေမှုကို ကြည့်ရှု့အားပေးခဲ့ကြောင်း သိရှိခဲ့ရပြီး အဆိုပါ ပြိုင်ပွဲကို (၂.၉.၂၀၂၄)ရက်နေ့မှ (၅.၉.၂၀၂၄)ရက်နေ့ထိ ပြိုင်ပွဲဝင်အသင်း (၉)သင်း နှင့် ပြိုင်ပွဲဝင်အားကစားသမားစုစုပေါင်း(၆၂)ဦးဖြင့် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံအတွင်း၌ ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းသိရှိရကာ တောင်ကြီးမြို့နယ်အတွင်းရှိ လက်ဝှေ့အားကစားဝါသနာရှင် မိဘပြည်သူများ မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ပါကြောင်း သိရှိခဲ့ရပါသည်။