အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ကြီးမြို့၊ မေလ(၉)ရက်။

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၀၉:၀၀)နာရီအချိန်တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ကျင်းပခဲ့ပါသည်။

အစီအစဉ်အရ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များမှ အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မာလာစေရေး၊ ဘောလုံးအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊ မျိုးဆက်သစ်ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ ယခုပြိုင်ပွဲအားကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ယခုပြိုင်ပွဲအား သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်နိုင်ရေးအတွက် ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်နှင့် ပေါင်းစပ်ညှိနှိုင်း၍ကျင်းပသွားမည်ဖြစ်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့်ခရိုင်များအလိုက်အသင်းများမှ အသင်းအုပ်ချုပ်သူ/နည်းပြများအနေဖြင့် မိမိအားကစားသမားများ၏ ကျန်းမာရေး၊ နေထိုင်စားသောက်ရေး၊ အုပ်ချုပ်မှုကိစ္စရပ်များနှင့် ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် စည်းကမ်းတကျရှိစေရေးတို့အတွက် ကြပ်မတ်ဆောင်ရွက်ပေးစေလိုကြောင်း၊ ပြိုင်ပွဲကျင်းပရေးသို့ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းနှင့်ပတ်သက်သည့် တင်ပြစရာများရှိပါကလည်း အသင်းအုပ်ချုပ်သူများမှတစ်ဆင့် သတင်းပို့တင်ပြဆောင်ရွက်သွားကြရန်ပြောကြားသွားခဲ့ပါသည်။ ဆက်လက်ပြီး ခရိုင်များအလိုက် အထွေထွေကိစ္စရပ်များအားဆွေးနွေးတင်ပြခဲ့ကြပြီးနောက် ဒုတိယညွှန်ကြားရေးမှူးက လိုအပ်သည်များကို ဖြည့်စွက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရကာ အဆိုပါဘောလုံးပြိုင်ပွဲကို ၁၀-၅-၂၀၂၄ ရက်နေ့မှ ၂၃-၅-၂၀၂၄ ရက်နေ့အထိ မနက်(၁)ပွဲ/ညနေ(၁)ပွဲဖြင့် ပြည်နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်အတွင်းရှိ ခရိုင်များမှ ပြိုင်ပွဲဝင်(၁၂)သင်းနှင့် စုစုပေါင်းအင်အား(၂၄၀)ဦးမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရပြီး ပြည်နယ်အတွင်းရှိ ဘောလုံးအားကစားနည်းကိုစိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း ထပ်မံသိရှိခဲ့ရပါသည်။