အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ သြဂုတ် ၂၁ ။

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Cluster-7 စားရိပ်သာ၌ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှာရှိသည့် မျိုးဆက်သစ်လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် ပြေးခုန်ပစ်အားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက်ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲအား မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်နှင့်ပူးပေါင်း၍ ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲအား သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲမှ စစ်တမ်းကောက်ယူလျက်ရှိသည့် အချက်အလက်များကို အုပ်ချုပ်သူ/နည်းပြများ နှင့် အားကစားသမားများက ပြည့်စုံမှန်ကန်စွာဖြည့်စွက်၍ သတ်မှတ်ရက်/အချိန်အတွင်း ပေးပို့သွားရန်နှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး CPU အဖွဲ့မှ စစ်တမ်းကောက်ယူလျက်ရှိ သည့် 1111 Messages များအား ပြန်လည်ဖြေကြားပေးနိုင်ရန် မိမိတို့၏ဖုန်းနံပါတ်များကို  မှန်မှန်ကန်ကန်ဖြည့်စွက် ပေးသွားစေလိုကြောင်း၊ ပြိုင်ပွဲဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းများမှ အသင်းအုပ်ချုပ်သူ/နည်းပြများအနေဖြင့် မိမိအားကစားသမားများ၏ ကျန်းမာရေး၊ နေထိုင်စားသောက်ရေး၊ သွားလာရေးကိစ္စရပ်များနှင့် ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် စည်းကမ်းတကျရှိစေရေး အတွက် ကြပ်မတ်ဆောင်ရွက်ပေးစေလိုကြောင်း၊ ဆုရရှိသည့်အားကစားသမားများအား ဆုတံဆိပ်၊ ဆုဖလားများအပြင် ဆုကြေးငွေများနှင့် စံချိန်တင်အကောင်းဆုံး အားကစားသမား ဆုကိုလည်း ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲသို့လာရောက်သည့် အသင်းအုပ်ချုပ်သူများအနေဖြင့် ရုံးဖွင့်ရက်နှင့် ပြိုင်ပွဲရက်များတွင် ဌာနယူနီဖောင်း(သို့မဟုတ်) အသင်းဝတ်စုံအပြည့် ဝတ်ဆင် သွားရန်လိုကြောင်း၊ ပြိုင်ပွဲကျင်းပရေးကော်မတီသို့ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး တင်ပြစရာများရှိပါက အသင်းအုပ်ချုပ်သူမှတစ်ဆင့် သတင်းပို့တင်ပြသွားရန် ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ၊ အားကစားဆေးဘက်ဌာနခွဲ၊ မြန်မာနိုင်ငံပြေးခုန်ပစ် အဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အသင်းများမှ  အသင်းအုပ်ချုပ်သူ/နည်းပြများက ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စားသောက်တည်းခိုနေထိုင်ရေး၊ မော်တော်ယာဉ်(ကြို/ပို့)ကိစ္စရပ် များနှင့် အထွေထွေကိစ္စရပ်များကို  အသီးသီး ဆွေးနွေးတင်ပြခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက လိုအပ်သည်များကိုဖြည့်စွက်၍  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ဩဂုတ်လ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်း(၁)တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း ၁၅ သင်း စုစုပေါင်းအင်အား ၄၆၄ ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။