၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး)တိုက်ကွမ်ဒိုပြိုင်ပွဲများ ဆက်လက်ကျင်းပ
နေပြည်တော်၊ ဇွန်(၁၈)။
ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတွင်ရှိကြသည့် တိုက်ကွမ်ဒိုအားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ မျိုးဆက်သစ် တိုက်ကွမ်ဒိုအားကစားသမားများစွာ ပေါ်ထွက်လာစေရေးနှင့် တိုက်ကွမ်ဒိုအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတိုက်ကွမ်ဒို အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီမှ စတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့သည်။
ယနေ့ တိုက်ကွမ်ဒို (အမျိုးသား/အမျိုးသမီး)အတိုက် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား (၄၆-၅၀)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား (-၄၆)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီး(၄၃- ၄၆)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား(၄၆-၅၀)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား (-၄၆)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီး (၄၃-၄၆)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီး (-၄၀)ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အမျိုးသား(၄၆-၅၀)ကီလိုတန်း ပြိုင်ပွဲတွင် ဇော်ဒန်အောင်(ကချင်)က ထက်မြတ်ထွန်း(ရခိုင်)ကိုလည်းကောင်း၊ သုတမောင်(ရန်ကုန်)က ဟိန်းဇေယျ(ကရင်)ကိုလည်းကောင်း၊ အမျိုးသား(-၄၆)ကီလိုတန်း ပြိုင်ပွဲတွင် သျန်ဘုန်းအောင်(ရှမ်း)က ကျော်ဇောလင်း(ကချင်)ကိုလည်းကောင်း၊ ထွန်းလင်းအောင်(ရန်ကုန်)က ဆန်းမင်းဝင်း(ကယား)ကိုလည်းကောင်း၊ အမျိုးသမီး(၄၃-၄၆)ကီလိုတန်း ပြိုင်ပွဲတွင် မဒီမြာ(ကယား)က ခင်ဝတ်မှုံရည်(ရခိုင်)ကိုလည်းကောင်း၊ သူသူဟန်(ရန်ကုန်)က အေးနှင်းဖြူ(ရှမ်း)ကိုလည်းကောင်း၊ အမျိုးသမီး(-၄၀)ကီလိုတန်း ပြိုင်ပွဲတွင် မေထက်နိုင်ဦး(တနင်္သာရီ)က စုဝင်းနွယ်(မွန်)ကိုလည်းကောင်း၊ သော်သော်ဇင်(ရန်ကုန်)က ချောစန္ဒာဦး(မန္တလေး)ကိုလည်းကောင်း၊ အမျိုးသား(၈၀-၈၇)ကီလိုတန်း ပြိုင်ပွဲတွင် ထူးဒီပါ(နေပြည်တော်)က ကောင်းပြည့်စုံ(ရန်ကုန်)ကိုလည်းကောင်း၊ သော်ဇင်အောင်(မန္တလေး)က ပြည့်ဖြိုးထွန်း(ရခိုင်)ကိုလည်းကောင်း၊ အမျိုးသမီး(+၇၃)ကီလိုတန်း ပြိုင်ပွဲတွင် အိမ့်ခြူပိုပို(ဧရာဝတီ)က ထွန်းလဲ့လဲ့ဝင်း(မကွေး)ကိုလည်းကောင်း၊ အိဖူးစံ(ရခိုင်)က ရွှေရည်အောင်(ချင်း)ကိုလည်းကောင်း အသီးသီးအနိုင်ရရှိခဲ့သည်။
ထို့နောက်ဗိုလ်လုပွဲ ပြိုင်ပွဲပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ အမျိုးသား(-၄၆)ကီလို တန်းပြိုင်ပွဲတွင် ထွန်းလင်းအောင်(ရန်ကုန်)က ပထမ၊ သျန်ဘုန်းအောင်(ရှမ်း)က ဒုတိယ၊ ကျော်ဇောလင်း(ကချင်)နှင့် ဆန်းမင်းဝင်း(ကယား)တို့က တတိယ၊ အမျိုးသမီး(-၄၀)ကီလိုတန်း ပြိုင်ပွဲတွင် သော်သော်ဇင်(ရန်ကုန်)က ပထမ၊ မေထက်နိုင်ဦး(တနင်္သာရီ)က ဒုတိယ၊ စုဝင်းနွယ်(မွန်)နှင့် ချောစန္ဒာဦး(မန္တလေး)တို့က တတိယ၊ အမျိုးသား(၈၀-၈၇)ကီလိုတန်းပြိုင်ပွဲတွင် ထူးဒီပါ(နေပြည်တော်)က ပထမ၊ သော်ဇင်အောင်(မန္တလေး)က ဒုတိယ၊ ကောင်းပြည့်စုံ(ရန်ကုန်)နှင့် ပြည့်ဖြိုးထွန်း(ရခိုင်)တို့က တတိယ၊ အမျိုးသမီး(+၇၃)ကီလိုတန်းပြိုင်ပွဲတွင် အိဖူးစံ(ရခိုင်)က ပထမ၊ အိမ့်ခြူးပိုပို(ဧရာဝတီ)က ဒုတိယ၊ ထွန်းလဲ့လဲ့ဝင်း(မကွေး)နှင့် ရွှေရည်အောင်(ချင်း)တို့က တတိယဖြင့်လည်းကောင်း အသီသီးအနိုင်ရရှိခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၉)ရက်နေ့ နံနက်(၉)နာရီမှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ အမျိုးသား (၅၀-၅၄)ကီလိုတန်း ပြိုင်ပွဲ၊ အမျိုးသား(၅၈-၆၃) ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီး(၄၀-၄၃)ကီလိုတန်း ပြိုင်ပွဲ၊ အမျိုးသမီး (၅၇-၆၂)ကီလိုတန်း ပြိုင်ပွဲ ပွဲစဉ်များအား ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်၍ တိုက်ကွမ်ဒိုအားကစား ဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။