အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဩဂုတ်(၁၂)။

ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဖူဆယ်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေးနှင့် ဖူဆယ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ အုပ်စု ပတ်လည် ပွဲစဉ်များကို ယနေ့နံနက်(၈)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပခဲ့သည်။

ယနေ့ ပြိုင်ပွဲပွဲစဉ်များအဖြစ် (အမျိုးသား)အုပ်စုပတ်လည် ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာ မန္တလေးတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို (၇)ဂိုး၊ (၁)ဂိုးဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးက ချင်းပြည်နယ်အသင်းကို (၃)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို (၇)ဂိုး (၃)ဂိုးဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

ဩဂုတ်လ(၁၃)ရက်နေ့၊ နံနက် (၉)နာရီမှစတင်၍ ဖူဆယ်အားကစားရုံ၌ (အမျိုးသား)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်း၊ ရှမ်းပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်း၊ ကယားပြည်နယ်အသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်း၊ (အမျိုးသမီး)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ချင်းပြည်နယ်အသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်း၊ ကချင်ပြည်နယ် အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ဆက်လက် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ဖူဆယ် အားကစားကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။