အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ပဲခူး၊ ဧပြီလ(၁)ရက်။

မျိုးဆက်သစ်အားကစားသမား များစွာပေါ်ထွက်လာစေရန်နှင့် ကျောင်းသား/ကျောင်းသူ မောင်မယ်များ နွေရာသီအားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၄ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သင်တန်းဆင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး အားကစားနည်းအလိုက် သင်တန်းနည်းပြ ဆရာ/ဆရာမများ ကိုယ်စားနည်းပြဆရာ(၂)ဦးအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ဘောလုံး၊ ကရာတေးဒို၊ Fitness Dance နှင့် စားပွဲတင်တင်းနစ်အားကစားနည်းတို့မှ သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး ဘတ်စကက်ဘော၊ မြန်မာ့သိုင်းနှင့် တင်းနစ်အားကစားနည်းတို့မှ သင်တန်းသား/သင်တန်းသူများအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်ကလည်းကောင်း၊ ကြက်တောင်၊ ဘော်လီဘောနှင့် ပြေးခုန်ပစ် အားကစားနည်းများမှ သင်တန်းသား/ သင်တန်းသူများအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်ကလည်းကောင်း သင်တန်းဆင်းလက်မှတ်များ အသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြသည်။

ထို့နောက် မြန်မာ့သိုင်း၊ ဘောလုံး၊ ကရာတေးဒို၊ ဘတ်စကက်ဘောနှင့် Fitness Dance အားကစားနည်းတို့မှ သင်တန်းသား/သင်တန်းသူများက အားကစားနည်းအလိုက် သရုပ်ပြသခြင်းများ ပြုလုပ်ခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သရုပ်ပြသခဲ့ကြသည့် အားကစားအဖွဲ့များအား တစ်ဖွဲ့လျှင် ငွေကျပ်(၃)သိန်းနှုန်းဖြင့် စုစုပေါင်း ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်(၁၅)သိန်းအား ထပ်ဆောင်းပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ ၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး နွေရာသီအခြေခံအားကစားသင်တန်းအား အားကစားနည်း(၁၀)နည်းဖြင့် ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန မိုးလုံလေလုံအားကစားခန်းမ၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း (ပဲခူး)နှင့် ပဲခူးခရိုင်အားကစားကွင်းတို့၌ ၂၀၂၄ ခုနှစ်၊ မတ်လ(၁)ရက်နေ့မှ (၃၁)ရက်နေ့အထိ သင်တန်းနည်းပြဆရာ/ဆရာမ (၂၉)ဦးနှင့် သင်တန်းသား/သင်တန်းသူဦးရေ (၆၅၅)ဦးတို့ဖြင့် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။