၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်နှင့် ဝန်ကြီးဌာနပေါင်းစုံအဆင့် အားကစားပြိုင်ပွဲ အားကစားအသင်းမန်နေဂျာများ အစည်းအဝေးဆက်လက်ကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာ ၈
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင်ပါဝင်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများအဖြစ် မြန်မာ့သိုင်း၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ပြေးခုန်ပစ်အားကစားနည်းများနှင့် ဝန်ကြီးဌာနပေါင်းစုံအဆင့် ဘော်လီဘော(အမျိုးသား/အမျိုးသမီး) အားကစားပြိုင်ပွဲများ၏ အသင်းမန်နေဂျာများအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အမှတ်(၃)၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း(ရွာတော်)နှင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)တို့၌ကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် အသင်းများမှ အားကစားသမားများသည် ကြိုတင်ဖြန့်ဝေအသိပေးထားသော စည်းမျဉ်း/စည်းကမ်း များနှင့် ကိုက်ညီမှုရှိ/မရှိစိစစ်ပြီးနောက် ပြိုင်ပွဲကျင်းပရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် မြန်မာ့သိုင်း (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲတွင် ကျား(၁၃)သင်း၊ မ(၁၃)သင်းပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲများကို ရွှေကြာပင်အားကစားရုံ၌ ဒီဇင်ဘာလ (၁၀)ရက်နေ့မှ (၁၁)ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်သည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဂျူဒို(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲတွင် ကျား(၁၅)သင်း၊ မ(၁၅)သင်းပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဒီဇင်ဘာလ (၁၀)ရက်နေ့မှ (၁၃)ရက်နေ့ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပသွားမည်ဖြစ်ပါသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် တိုက်ကွမ်ဒို (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲတွင် ကျား(၁၅)သင်း၊ မ(၁၅)သင်းပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဒီဇင်ဘာလ (၁၀)ရက်နေ့မှ (၁၄)ရက်နေ့ TC-1 ၌ ကျင်းပသွားမည်ဖြစ်ပါသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ပြေးခုန်ပစ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲတွင် ကျား(၁၅)သင်း၊ မ(၁၅)သင်းပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဒီဇင်ဘာလ (၁၀)ရက်နေ့မှ (၁၃)ရက်နေ့ ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၁) ၌ ကျင်းပသွားမည်ဖြစ်ပါသည်။
ဝန်ကြီးဌာနပေါင်းစုံအဆင့် ဘော်လီဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲတွင် ကျား(၂၂)သင်း၊ မ(၁၄)သင်းပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဒီဇင်ဘာလ (၁၀)ရက်နေ့မှ (၁၉)ရက်နေ့ထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)နှင့် TC-1 ၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။