၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
မုံရွာ၊ ဖေဖော်ဝါရီလ(၁၉)ရက်။
၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို (၁၉.၂.၂၀၂၄)ရက်နေ့ညနေတွင် တိုင်းဒေသကြီးပြည်သူ့အားကစားကွင်းမုံရွာမြို့တွင်ကျင်းပြုလုပ်ခဲ့ရာစစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဦးမြတ်ကျော်နှင့်အဖွဲ့၀င်၀န်ကြီးများ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပြီး ဟုမ္မလင်းခရိုင် အသင်းနှင့် မုံရွာခရိုင်အသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးရာ မုံရွာခရိုင်အသင်းက ဟုမ္မလင်းခရိုင်အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသွားပြီး ဆုပေးပွဲအခမ်းအနားတွင် ပထမဆုရရှိသော မုံရွာခရိုင်အသင်းကို တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၁၀)သိန်းနှင့် တံခွန်စိုက်ဆုဖလားအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း၊ ဒုတိယဆုရရှိသော ဟုမ္မလင်းခရိုင်အသင်းကို တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၇)သိန်းနှင့် ဆုဖလားအား တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးဇော်ထူးကလည်းကောင်း၊ တတိယဆုရရှိသော ကောလင်းခရိုင်အသင်းကို တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၅)သိန်းနှင့် ဆုဖလားအား တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းကလည်းကောင်း၊ နေရာအလိုက်နှင့် ပွဲစဉ်တလျှောက် အကောင်းဆုံး အားကစားသမားဆုရရှိသူများကို ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေ ငါးသောင်းကျပ်စီ တို့ကို တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့် လူမှုရေးရာဝန်ကြီး ဦးညွှန့်ဝင်းအောင်တို့က ချီးမြှင့်ပေးခဲ့သည်။
အဆိုပါ ၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကြီးကို ဇန်နဝါရီလ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ မုံရွာမြို့ ပြည်သူ့အားကစားကွင်းတွင် တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၃ ခရိုင်မှ ပြိုင်ပွဲဝင်အားကစားသမား ၂၈၆ ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါသည်။


