၂၀၂၄ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ညှိနှိုင်းအစည်းအဝေးကျင်းပ
တောင်ကြီးမြို့၊ ဇန်နဝါရီလ(၁၆)ရက်။
ရှမ်းပြည်နယ်အစိုးအဖွဲ့၏လမ်းညွှန်မှုများကိုခံယူကာ လူငယ်မျိုးဆက်သစ်အားကစားသမားများ ထွက်ပေါ်လာစေရေး၊ ပြည်နယ်လက်ရွေးစင်အသင်းအားထောက်ပံ့မှု ဖြစ်စေရေးနှင့် ဘောလုံးအားကစားနည်းဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်မည့် ၂၀၂၄ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူများ အစည်းအဝေးနှင့် ပွဲစဉ်များရေးဆွဲမဲနှိုက်ခြင်းကို ယနေ့နံနက်(၀၉း၀၀) နာရီအချိန်တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ ၊ လက်ထောက်ညွှန်ကြားရေးမှူးများ ၊ မြို့နယ်အားကစားမှူးများ ၊ တာဝန်ခံအုပ်ချုပ်သူများ ၊ပြည်နယ်ဘောလုံးဆပ်ကော်မတီမှတာဝန်ရှိသူများ ၊ ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ / နည်းပြများ ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့မှတာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းမှ ပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းအားဖြင့် ရှမ်းပြည်နယ်နှင့် နိုင်ငံတော်အတွက် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာနိုင်မည်ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် မြို့နယ်ပေါင်းစုံပွဲသည် ယခင်နှစ်များနှင့်မတူ ပြိုင်ပွဲကွင်း(၃)ကွင်းခွဲ၍ ပြုလုပ်သွားမည်ဖြစ်ပြီး သတ်မှတ်ထားသောစည်းမျဉ်း/စည်းကမ်းများနှင့်အညီ ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း၊ ပြိုင်ပွဲကျင်းပရေးမှ တာဝန်ရှိသူများ အနေဖြင့်လည်း အမှတ်ပေးစည်းမျဉ်း/စည်းကမ်းများနှင့်အညီ စနစ်တကျကူညီဆောင်ရွက်ပေးစေလိုပါကြောင်း ၊ အုပ်ချုပ်သူ/နည်းပြများအနေဖြင့်လည်း စည်းမျဉ်း/စည်းကမ်းများကို စနစ်တကျ နားလည်သဘောပေါက်ရန် လိုအပ်ပြီး အုပ်ချုပ်သူ/နည်းပြများမှ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ စားသောက်နေထိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ဂရုတစိုက်ယှဉ်ပြိုင်ကစားသွားကြရန်၊ အသင်းအုပ်ချုပ်သူနှင့် နည်းပြများအနေဖြင့်လည်း မိမိတို့၏ အားကစားသမားများကိုသေချာပြုလုပ်ပေးစေလိုပါကြောင်း၊ သန့်ရှင်းရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး ဖြည့်စွက်ပြောကြားသွားကာ လုံခြုံရေးဆိုင်ရာလုပ်ငန်းစဉ်များကို ရှင်းလင်းချပြသွားခဲ့ကြောင်းသိရှိခဲ့ရပါသည်။
ထို့နောက် ပြည်နယ်ဘောလုံးဆပ်ကော်မတီမှ တာဝန်ရှိသူများက ပြိုင်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရန် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ ၊ ဒိုင်လူကြီးများ ၊ ပြိုင်ပွဲ ကြီးကြပ်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ၊ ပြိုင်ပွဲနှင့်ပတ်သက်ပြီး မရှင်းလင်းသည့်စည်းမျဉ်း/စည်းကမ်းများနှင့် ပတ်သက်သည်များကို ယခုတစ်ပါတည်းမေးမြန်းနိုင်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် ပြည်နယ်ဒိုင်များဖြင့် ပြုလုပ်သွားမည်ဖြစ်ပါကြောင်း ၊ ပြိုင်ပွဲအမှတ်ပေး စည်းမျဉ်း/စည်းကမ်းများ၊ ဥပဒေပိုင်း ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ကာ ဆက်လက်ပြီး အစည်းအဝေးသို့တက်ရောက်ကြသူများမှ အထွေထွေဆွေးနွေးချက်များကိုတင်ပြခဲ့ကြပြီး နောက်အုပ်စုမဲနှိုက်ခြင်းနှင့် ပွဲစဉ်ဇယားရေးဆွဲခြင်းများကို ပြုလုပ်ခဲ့ကြပြီး ရှမ်းပြည်နယ်အတွင်းဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့လာရောက်အားပေးနိုင်ပါကြောင်း သိရှိရပါသည်။


