အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသား အမှတ်ပေးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ကြီးမြို့၊ ဩဂုတ်လ(၁၁)ရက်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မှကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသားအမှတ်ပေးဘောလုံးပြိုင်ပွဲအား (၁၁.၈.၂၀၂၄)ရက်နေ့ ညနေ (၁၅:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ ၊ ပြည်နယ်အားကစားကွင်း၌ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင် ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ဒုတိယကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူး ဦးတင်ထွန်းဇော် နှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီအဖွဲ့ဝင်များ ၊ အားကစားနည်းအလိုက်ဆပ်ကော်မတီအဖွဲ့ဝင်များ ၊ ဖိတ်ကြားထားသူများ ၊ အုပ်ချုပ်သူ / နည်းပြများ ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ပထမဦးစွာ ပြိုင်ပွဲဝင်အသင်းများမှအားကစားသမားများက အားကစားရုံအတွင်း၌နေရာယူခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်အား စစ်ကြောင်းမှူးမှ ဦးဆောင်၍ အလေးပြုတန်းအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့် အမှာစကားပြောကြားရာတွင် အားကစားဖြင့်မိမိကိုယ်စားပြုဌာနများ၏ဂုဏ်ကိုမြှင့်တင်နိုင်သူများဖြစ်ကြပါစေလို့ ဆန္ဒပြုရင်းဦးစွာပထမနှုတ်ခွန်းဆက်သလိုက်ပါကြောင်း ၊ ဒီကနေ့ကျင်းပတဲ့ ဌာနဆိုင်ရာပေါင်းစုံပြိုင်ပွဲကို ရှမ်းပြည်နယ်အတွင်းဌာနဆိုင်ရာဝန်ထမ်းများ ကျန်းမာကြံ့ခိုင်၍ လုပ်ငန်းခွင်တွင်ပျော်မွေ့သော ဝန်ထမ်းများဖြစ်လာစေရန် ၊ ဌာနဆိုင်ရာဝန်ထမ်းများလုပ်အားစွမ်းပကားများ တိုးတက်မြင့်မားလာစေရန် ၊ လုပ်ငန်းခွင်အတွင်းစိတ်ဖိစီးမှုလျော့နည်းစေရန် ၊ ဌာနဆိုင်ရာအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်စတဲ့ရည်ရွယ်ချက်တွေနဲ့ ကျင်းပပေးရခြင်းဖြစ်ပါကြောင်း ၊ နိုင်ငံတော်၏လူမှုရေး ၊ စီးပွားရေး ၊ ပညာရေး ၊ အားကစားနှင့်ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်ရန်အတွက်ကျန်းမာသန်စွမ်းသောနိုင်ငံ့ဝန်ထမ်းများဖြင့်သာ တည်ဆောက်နိုင်မည်ဖြစ်သောကြောင့် စိတ်ရောကိုယ်ပါကျန်းမာကြံ့ခိုင်သူများဖြစ်လာစေရန် ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုကို အသက်အရွယ်မရွေး ၊ လူတန်းစားမရွေး လုပ်ဆောင်နေရမှာဖြစ်ပါကြောင်း ၊ အားကစားလေ့ကျင့်လိုက်စားခြင်းအားဖြင့် ကျန်းမာကြံ့ခိုင်ခြင်း ၊ စားဝင်အိပ်ပျော်ခြင်း ၊ စိတ်ရွှင်လန်းခြင်း ၊ ဉာဏ်ရည်မြင့်မားခြင်း ၊ မိမိကိုယ်မိမိယုံကြည်မှုမြင့်မားခြင်း ၊ မိတ်ဆွေသင်္ဂဟပေါများခြင်းအစရှိသည့် ကောင်းကျိုးများစွာကိုရရှိမှာဖြစ်ပါကြောင်း ၊ ဝန်ထမ်းများအနေဖြင့် အားကစားပြုလုပ်ခြင်းကြောင့် ကျန်းမာကြံ့ခိုင်ပြီးလုပ်ငန်းခွင်မှာ ပိုမိုပျော်ရွှင်လာမည်ဖြစ်၍ စိတ်ဖိစီးမှုတွေလျော့ကျသွားမယ်လို့ယုံကြည်မိပါကြောင်း ၊ ရှမ်းပြည်နယ်အတွင်းတာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းများကိုအခုလိုဘောလုံးပြိုင်ပွဲမှာ စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ် သိုက်သိုက်ဝန်းဝန်းနဲ့ ဌာနဆိုင်ရာများကနေပူးပေါင်းပါဝင်ယှဥ်ပြိုင်ပေးကြတဲ့အတွက်လည်းများစွာ ကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ၊ နောင်ကျင်းပပြုလုပ်ပေးသွားမည့် အားကစားပြိုင်ပွဲတွေမှာလည်း ပူးပေါင်းပါဝင်ပေးဖို့ကိုလည်း တစ်လက်စတည်းတိုက်တွန်းမှာကြားလိုပါကြောင်း ၊ ယခုကျင်းပပြုလုပ်သည့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေနဲ့လည်း ” ပြိုင်ရင်နိုင်ရမယ်” ဆိုတဲ့စိတ်ဓာတ်နဲ့ အနိုင်မခံအရှုံးမပေး ၊ ဇွဲ စိတ်ဓာတ်အပြည့်အဝနဲ့ ယှဥ်ပြိုင်ကစားကြဖို့နဲ့ ဌာန၏ဂုဏ်ကို အားကစားဖြင့်မြှင့်တင်နိုင်သော အားကစားသမားများ ဖြစ်အောင်ကြိုးစားကြဖို့တိုက်တွန်းပြောကြားလိုပါကြောင်း ၊ ဘောလုံးအားကစားနည်းဟာ နည်းစနစ်ကိုအခြေခံပြီး တစ်ဦးချင်းကျွမ်းကျင်မှု ၊ လျှင်မြန်ဖျတ်လတ်မှု ၊ သက်လုံနှင့်ကြံ့ခိုင်မှုကိုပါပြည့်ဝဖို့လိုအပ်တဲ့အပြင် အသင်းလိုက်အပေးအယူမျှတစွာနဲ့ ကစားရတဲ့အားကစားနည်းဖြစ်ပါကြောင်း ၊ ဌာနဆိုင်ရာများမှအားကစားသမားများ အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိပြီး ၊ အားကစားတိုးတက်ဖွံ့ဖြိုးရေး ၊ ပြည်ထောင်စုစိတ်ဓာတ် ၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်ရေးနဲ့ ဌာနဂုဏ်ကိုအားကစားမြှင့်တင်နိုင်ရေးတို့အတွက် အစွမ်းကုန်ကြိုးစားယှဥ်ပြိုင်ကြပါလို့ မှာကြားလိုပါကြောင်း ၊ အဓိကကျတဲ့ အားကစားသမားများနှင့် စီမံအုပ်ချုပ်သူများရဲ့ ခံယူချက်မှန်ကန်ဖို့နဲ့ ဇွဲ ၊ စိတ်ဓာတ်ကိုအရင်းခံပြီး ကြိုးပမ်းအားထုတ်မှု ထက်မြက်နေဖို့ အထူးလိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသွားကာ ဆက်လက်ပြီးပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာအဓိဌာန်(၄)ချက်ကို သံပြိုင်ရွတ်ဆိုခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ပြီး အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ပါသည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က ယခုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ဌာနဆိုင်ရာအသင်း (၁၅)သင်းကို တစ်သင်းလျှင် (၁၀)သိန်းနှုန်းဖြင့် စုစုပေါင်းကျပ်သိန်း (၁၅၀)ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သော အ.ထ.က(၇)ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကာ ဖွင့်ပွဲ ပွဲစဉ်အဖြစ် ပြည်နယ်မီးသတ်အသင်းနှင့် ပြည်နယ်စည်ပင်အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုကို ကြည့်ရှု့အားပေးခဲ့ကြောင်း သိရှိခဲ့ရပြီး အဆိုပါ အမှတ်ပေးဘောလုံးပြိုင်ပွဲကို (၁၁.၈.၂၀၂၄)ရက်နေ့မှ (.၁၁.၂၀၂၄)ရက်နေ့ထိ ပြိုင်ပွဲဝင်အသင်းပေါင်း (၁၅)သင်း နှင့် ပြိုင်ပွဲဝင်အားကစားသမားစုစုပေါင်း (၅၂၅)ဦးဖြင့် စနေ ၊ တနင်္ဂနွေနေ့များတွင် ပတ်လည်စနစ်ဖြင် ပြည်နယ်အားကစားကွင်း / ရွှေညောင်အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းသိရှိရကာ တောင်ကြီးမြို့နယ်အတွင်းရှိ ဘောလုံးအားကစားဝါသနာရှင်များ မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ပါကြောင်း သိရှိခဲ့ရပါသည်။