အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ကြီး၊ မေလ(၁၁)ရက်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား (၁၀.၅.၂၀၂၄) ရက်နေ့ ညနေ (၁၅:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ ၊ ပြည်နယ်အားကစားကွင်း၌ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး ၊ ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးစိုးလင်းနှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီအဖွဲ့ဝင်များ ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ပထမဦးစွာ ပြိုင်ပွဲဝင်အသင်းများမှအားကစားသမားများက အားကစားကွင်းအတွင်း၌နေရာယူခဲ့ပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီးအား စစ်ကြောင်းမှူးမှ ဦးဆောင်၍ အလေးပြုတန်းအပ်ကာ ပြည်နယ်စီးပွားရေးရာဝန်ကြီးမှ အဖွင့် အမှာစကားပြောကြားရာတွင် အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် နိုင်ငံပေါင်းစုံမှ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အချိန်တိုကာလအတွင်း ဆောင်ရွက်နိုင်သည့်လုပ်ငန်းကိစ္စမျိုးမဟုတ်သဖြင့် အချိန်ကာလအတိုင်းအတာတစ်ခုအထိရင်းနှီးမြှပ်နှံပြီး ဆောင်ရွက်ပေးနေရခြင်းဖြစ်ပါကြောင်း၊ အမျိုးသားအားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် မြန်မာနိုင်ငံအနေဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အမျိုးသားလှုပ်ရှားမှုများကို တစ်နိုင်ငံလုံး ၊ တစ်မျိုးသားလုံးအတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်လျက်ရှိပါကြောင်း ၊ ဘောလုံးအားကစားနည်းဟာဆိုရင် ကမ္ဘာတစ်ဝှမ်းလုံးမှ အထူးစိတ်ဝင်စားသော အားကစားနည်းဖြစ်ပြီး မြန်မာနိုင်ငံရဲ့ (National Game ) အဖြစ်သတ်မှတ်ထားသော အားကစားနည်းဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးအဖွဲ့အစည်းဖြစ်တဲ့ ကုလသမဂ္ဂအသင်းကြီးရဲ့ အဖွဲ့ဝင်နိုင်ငံထက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်လို့ခေါ်တဲ့ (FIFA )အဖွဲ့ဝင်နိုင်ငံပိုများတာကို ကြည့်ခြင်းအားဖြင့် ဘောလုံးအားကစားနည်းအပေါ် စိတ်ဝင်စားမှုကို သိသာပေါ်လွင်စေမှာဖြစ်ပါကြောင်း ၊ ဒါ့အပြင် ၂၀၂၃ ခုနှစ်တွင် ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး (၈)လနီးပါး ယှဥ်ပြိုင်ကစားခဲ့ရတဲ့ FIFA-MFF U – 15 YOUTH LEAGUE 2023 ပြိုင်ပွဲမှာ SHAN FC ( SOUTHERN )အသင်းအနေဖြင့် မြန်မာတစ်ပြည်လုံး ချန်ပီယံဆုရရှိခဲ့တာကို ဂုဏ်ယူဝင့်ကြွားတွေ့ရှိရမှာဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ဘောလုံးအားကစားနည်း အစဥ်အမြဲတိုးတက်လာစေရန်နှင့် ပြိုင်ပွဲဝင်အားကစားသမားများ ဒေသန္တရ ဗဟုသုတရရှိစေရေးနှင့် အချင်းချင်းပိုမိုချစ်ကြည်ရင်းနှီးမှုရရှိလာစေရေး၊ ယဥ်ကျေးမှုဓလေ့ထုံးစံများ အပြန်အလှန်ရရှိစေရေး၊ အားကစားသမားများ အားကစားကိုချစ်မြတ်နိုးမှုရရှိစေရေးတို့ကို ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း အစရှိသည်တို့ကိုပြောကြားသွားကာ ဆက်လက်ပြီးပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာအဓိဌာန်(၄)ချက်ကို သံပြိုင်ရွတ်ဆိုခဲ့ကြကာ ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ပြီး အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ပါသည်။ ပြည်နယ်စီးပွားရေးရာဝန်ကြီးမှ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သော အ.ထ.က(၇)ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကာ ဖွင့်ပွဲ ပွဲစဥ်အဖြစ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်း နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းတို့ ယှဥ်ပြိုင်ကစားနေမှုကို ကြည့်ရှု့အားပေးခဲ့ကြောင်း သိရှိခဲ့ရပြီး အဆိုပါ ဘောလုံးပြိုင်ပွဲကို (၁၀.၅.၂၀၂၄)ရက်နေ့မှ (၂၃.၅.၂၀၂၄)ရက်နေ့ထိ ပြိုင်ပွဲဝင်အသင်း (၁၂)သင်း နှင့် ပြိုင်ပွဲဝင်အားကစားသမားစုစုပေါင်း(၂၄၀)ဦးဖြင့် အုပ်စု(၄)စုခွဲကာ ပြည်နယ်အားကစားကွင်း၌ ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းသိရှိရကာ တောင်ကြီးမြို့နယ်အတွင်းရှိ ဘောလုံးအားကစားဝါသနာရှင်များ မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ပါကြောင်း သိရှိခဲ့ရပါသည်။