၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
ပဲခူး၊ မေလ(၁၅)ရက်။
၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို မေလ(၁၅)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများက (၂)ယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် တောင်ငူမြို့နယ်အသင်းနှင့် ရွှေတောင်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှု၊ (၃)ယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပဲခူးမြို့နယ်အသင်းနှင့် ရွှေတောင်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှု့အားပေးကြသည်။
ထို့နောက်ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပွဲစဉ်တစ်လျှောက်(၂)ယောက်တွဲပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုရရှိသူနှင့် (၃)ယောက်တွဲပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုရရှိသူတို့အား ဆုတံဆိပ်နှင့်ငွေသားဆုများကို လူမှုရေးရာဝန်ကြီးဦးမျိုးအောင်ကလည်းကောင်း၊ (၂)ယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲ တတိယဆုရရှိသော မိုးညိုမြို့နယ်အသင်းနှင့် (၃)ယောက်တွဲပြိုင်ပွဲ တတိယဆုရရှိသော သနပ်ပင်မြို့နယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို သယံဇာတရေးရာဝန်ကြီးဦးတင်သိန်းကလည်းကောင်း၊ (၂)ယောက်တွဲဒုတိယဆုရရှိသော ရွှေတောင်မြို့နယ်အသင်းနှင့် (၃)ယောက်တွဲဒုတိယဆုရရှိသော ပဲခူးမြို့နယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို စီးပွားရေးရာဝန်ကြီးဦးတင်ဦးကလည်းကောင်း၊ (၂)ယောက်တွဲပြိုင်ပွဲ ပထမဆုရရှိသော တောင်ငူမြို့နယ်အသင်းနှင့် (၃)ယောက်တွဲပြိုင်ပွဲ ပထမဆုရရှိသော ရွှေတောင်မြို့နယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးအောင်သောင်းထိုက်ကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ဒိုင်လူကြီးများအား ဂုဏ်ပြုချီးမြှင့်ငွေ(၆)သိန်းကျပ်၊ (၂)ယောက်တွဲပြိုင်ပွဲပထမဆုရရှိသော တောင်ငူမြို့နယ်အသင်းအား ပထမဆုဖလားနှင့် ငွေသားဆု(၅)သိန်းကျပ်၊ (၃)ယောက်တွဲပြိုင်ပွဲပထမဆုရရှိသော ရွှေတောင်မြို့နယ်အသင်းအား ပထမဆုဖလားနှင့် ငွေသားဆု(၇)သိန်းကျပ်တို့အား ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ ၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲအား မေလ(၉)ရက်နေ့မှ (၁၅)ရက်နေ့အထိ အုပ်စု(၈)အုပ်စုခွဲ၍ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း(၂၈)သင်းတို့က အုပ်စုပတ်လည်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်းသတင်းရရှိသည်။


