အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးနွေရာသီအဆင့်မြင့်အားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ပဲခူး၊ ဧပြီလ(၂၂)ရက်။

ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၄ ခုနှစ်၊ နွေရာသီအဆင့်မြင့်အားကစားသင်တန်းဖွင့်ပွဲအခမ်းအနားအား ဧပြီလ(၂၂)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမ၌ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဒုတိယဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးမျိုးအောင်က နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လူငယ်များ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေး၊ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် စနစ်တကျစီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ နွေရာသီအဆင့်မြင့်အားကစားသင်တန်းများ ဖွင့်လှစ်ပေးနိုင်ခြင်းသည် နိုင်ငံအတွက်၊ မြန်မာ့အားကစားလောကအတွက် အကျိုးထူးများမလွှဲမသွေရရှိနိုင်မှာဖြစ်သောကြောင့် မိဘအုပ်ထိန်းသူများအနေဖြင့်လည်း မိမိတို့ရဲ့ရင်သွေးငယ်များကို နိုင်ငံတော်အတွက် တန်ဖိုးရှိသည့်လူတော်လူကောင်းများဖြစ်လာစေဖို့ ဆက်လက်ပြီးစဥ်ဆက်မပြတ်ဖွင့်လှစ်ပေးမည့် နွေး၊မိုး၊ဆောင်းနှစ်လုံးပေါက် အားကစားသင်တန်းများကို တက်ရောက်သင်ကြားနိုင်ရေး အားပေးပံ့ပိုးပေးသွားဖို့လိုကြောင်း သင်တန်းဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် မြန်မာ့သိုင်း၊ ကရာတေးဒို၊ Fitness Dance အားကစားနည်းအလိုက် သင်တန်းသား/သင်တန်းသူများက သရုပ်ပြသကြပြီး သရုပ်ပြအားကစားအဖွဲ့များအား ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဒုတိယဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးမျိုးအောင်၊ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာအေးအေးခိုင်နှင့် ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးနေမျိုးလွင်တို့မှ ဂုဏ်ပြုငွေများအသီးသီးပေးအပ်ချီးမြင့်ခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ တိုင်းဒေသကြီးအဆင့်နွေရာသီအခြေခံအားကစားနည်းသင်တန်းကို မတ်လ(၁)ရက်နေ့မှ (၃၁)ရက်နေ့အထိ အားကစားနည်း(၁၀)မျိုးဖြင့် အောင်မြင်စွာဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ယခုထပ်မံ၍ ပဲခူးတိုင်းဒေသကြီးနွေရာသီအဆင့်မြင့်အားကစားသင်တန်းအား ဧပြီလ(၂၂)ရက်နေ့မှ မေလ(၂၁)နေ့အထိ ဘောလုံး၊ Fitness Dance၊ ကရာတေးဒို၊ စားပွဲတင်တင်းနစ်၊ ဘတ်စကက်ဘော၊ မြန်မာ့သိုင်း၊ တင်းနစ်၊ ကြက်တောင် စသည့်အားကစားနည်း(၈)မျိုးအား ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး အားကစားသင်တန်းနည်းအလိုက် စုစုပေါင်းသင်တန်းသား/သင်တန်းသူ(၄၁၂)ဦးတက်ရောက်ကြကြောင်းသတင်းရရှိသည်။