အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နေပြည်တော်၊ ဧပြီ(၃)။

ခရစ်ကက်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကက် အဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၂၅)နှစ်အောက် ခရစ်ကက် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ဗိုလ်လုပွဲ၊ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၈)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၁၊ ၂၊ ၃နှင့် ၄) တို့တွင် ကျင်းပခဲ့သည်။

ယနေ့ နံနက်ပိုင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၂၅)နှစ်အောက် ခရစ်ကက်(အမျိုး သမီး)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို ရလဒ်(၁၃)မှတ်အသာဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား (အမျိုးသား) ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ကရင်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို ရလဒ်(၃)ဦးအသာဖြင့်လည်းကောင်း၊ (အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ရလဒ်(၉၈)မှတ်အသာ ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရရှိခဲ့သူများနှင့် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ခရစ်ကက်(အမျိုးသား) ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ကရင်ပြည်နယ်အသင်းနှင့် (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ကို မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသန်းထွန်းနှင့် တာဝန်ရှိသူများက ဆုတံဆိပ်များနှင့် ဆုကြေးငွေများအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မွန်းလွဲ(၂)နာခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ်(၁)တွင် ရခိုင်ပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ရလဒ်(၂)ဦးအသာဖြင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

ပြိုင်ပွဲအပြီးတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၂၅)နှစ်အောက် ခရစ်ကက်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားအား ဆက်လက်ကျင်းပခဲ့သည်။

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲနှင့် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများကို ၂၀၂၄ ခုနှစ်၊ မတ်(၂၅) ရက်နေ့မှ ဧပြီ(၃)ရက်နေ့အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁၊ ၂၊ ၃နှင့် ၄)တို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း (၁၁)သင်းနှင့် အမျိုးသမီးအသင်း(၁၀)သင်း၊ စုစုပေါင်း အင်အား(၃၄၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။