၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စက်ဘီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ ဇန်နဝါရီ(၈)။
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စက်ဘီး (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ Cluster-7 ရှိ စားရိပ်သာ၌ ကျင်းပခဲ့သည်။
အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့် အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာစက်ဘီးအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ စက်ဘီးအားကစား သမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ မျိုးဆက်သစ် စက်ဘီးအားကစားသမားများစွာ ပေါ်ထွက်လာစေရေးတို့အတွက်ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး စက်ဘီး(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲအား ကျင်းပရခြင်းဖြစ်ပါကြောင်း၊ စက်ဘီးအားကစားနည်းသည် အန္တရာယ်ရှိပြီး ထိခိုက်မှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်သွားကြရန်လိုကြောင်း၊ စက်ဘီးအားကစားနည်းသည် ယခင်က ရွှေတံဆိပ်များရရှိခဲ့ပြီး ယခုအခါ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင်လည်း ပါဝင်ယှဉ်ပြိုင်စေလိုကြောင်း တိုက်တွန်းခဲ့သည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး စက်ဘီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အမျိုးသား(၁၂)သင်းနှင့် အမျိုးသမီး(၈) သင်း၊ ကစားသမားအင်အား (၁၄၉)ဦးဖြင့် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ကချင်၊ကယားနှင့် ချင်းပြည်နယ်တို့မှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိကြောင်း၊ နောင်နှစ်များတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး စက်ဘီးပြိုင်ပွဲများကို ယခုထက်ပိုမို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲအား သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်နှင့် ပေါင်းစပ်ညှိနှိုင်းပြီး ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းများမှ အုပ်ချုပ်/နည်းပြများအနေဖြင့် မိမိအားကစားသမားများ၏ ကျန်းမာရေး၊ နေထိုင်စားသောက်၊ သွားလာရေးကိစ္စရပ်များနှင့် ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် စည်းကမ်းတကျရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်ပေးသွားကြစေလိုကြောင်း၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ တာဝန်ရှိသူများအနေဖြင့် အုပ်ချုပ်/နည်းပြများကို အမှတ်ပေးနည်းစနစ်များ နှင့်ပတ်သက်၍ သေချာကြိုတင်ရှင်းလင်းပြောကြားထားရန်လိုကြောင်း၊ ဆုရရှိသည့် အားကစားသမားများအား ဆုတံဆိပ်၊ ဆုဖလားများအပြင် ဆုကြေးငွေများလည်း ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး၊ အကောင်းဆုံးအားကစားသမားဆု၊ အမျိုးသားတံခွန်စိုက်ဆုဖလား၊ အမျိုးသမီးတံခွန်စိုက် ဆုဖလား၊ စုပေါင်းတံခွန်စိုက်ဆုဖလားများအပြင် ဆုကြေးငွေများအဖြစ် တစ်ဦးချင်းပြိုင်ပွဲများတွင် ပထမဆု ကျပ် (၁) သိန်း၊ ဒုတိယဆု ကျပ်(၇)သောင်း၊ တတိယဆု ကျပ်(၅)သောင်း၊ အသင်းလိုက်ပြိုင်ပွဲများတွင် ပထမဆု ကျပ်(၅)သိန်း၊ ဒုတိယဆု ကျပ်(၃)သိန်း၊ တတိယဆု ကျပ်(၂)သိန်းနှင့် အကောင်းဆုံးအားကစားသမားဆုတစ်ဆုလျှင် ကျပ်(၁)သိန်းနှုန်း ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲသို့လာရောက်သည့် အသင်းအုပ်ချုပ်သူများအနေဖြင့် ရုံးဖွင့်ရက် (သို့မဟုတ်) ပြိုင်ပွဲရက်များတွင် ယူနီဖောင်း (သို့မဟုတ်) အသင်းဝတ်စုံအပြည့် ဝတ်ဆင်ထားစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ၊ အားကစားဆေးဘက်ဌာနခွဲ၊ မြန်မာနိုင်ငံစက်ဘီး အဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်/နည်းပြများက ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင် ရေးကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးစောင့်ရှောက်ဆိုင်ရာကိစ္စရပ်များ၊ စားသောက်တည်းခိုနေထိုင်ရေး၊ မော်တော်ယာဉ်(ကြို/ပို့) ကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များ ကို ဖြည့်စွက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စက်ဘီး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲကို (၉.၁.၂၀၂၄) ရက်နေ့မှ (၁၁.၁.၂၀၂၄) ရက်နေ့အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ပတ်လမ်းတွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။