အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ(၆)။

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒို (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉) နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ Cluster-7 ၌ကျင်းပခဲ့သည်။

အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာဂျူဒို အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ဂျူဒိုအားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ မျိုးဆက်သစ် ဂျူဒို အားကစားသမားများစွာ ပေါ်ထွက်လာစေရေးတို့အတွက်ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒို (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲအား ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဂျူဒိုအားကစားနည်းသည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်များရယူပေးလျက်ရှိသည့် အားကစားနည်း တစ်ခုဖြစ်ကြောင်း၊ မြန်မာ့လက်ရွေးစင်ဂျူဒိုအားကစားသမားများကို ပိုမိုအထောက်အကူပြုနိုင်ရန် အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ပြိုင်ပွဲများ ယခုထက်ပိုမိုကျင်းပပြုလုပ်သွားရန် လိုကြောင်း၊ ဂျူဒိုအားကစားနည်းကို အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် နှစ်စဉ် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးနှင့် ယခုထက် ပိုမိုအောင်မြင်မှုရရှိနိုင်ရေးအတွက် ကြိုးစားသွားကြရမည် ဖြစ်ကြောင်းနှင့် လိုအပ်သည်များရှိပါက ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲအား သတ်မှတ်ထားသည့် စည်းမျဉ်း/ စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်နှင့် ပေါင်းစပ်ညှိနှိုင်းပြီး ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် ပြည်နယ် နှင့်တိုင်းဒေသကြီးအသင်းများမှ အုပ်ချုပ်/နည်းပြများအနေဖြင့် မိမိအားကစားသမားများ၏ ကျန်းမာရေး၊ နေထိုင်စားသောက်၊ သွားလာရေးကိစ္စရပ်များနှင့် ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် စည်းကမ်း တကျရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်ပေးသွားကြစေလိုကြောင်း၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများအနေဖြင့် အုပ်ချုပ်/နည်းပြများကို အမှတ်ပေးနည်းစနစ်များနှင့် ပတ်သက်၍ သေချာ ကြိုတင်ရှင်းလင်းပြောကြားထားရန်လိုကြောင်း၊ ဆုရရှိသည့် အားကစားသမားများအား ဆုတံဆိပ်၊ ဆုဖလား၊ ဆုကြေးငွေနှင့် အမျိုးသားတံခွန်စိုက်ဒိုင်း၊ အမျိုးသမီးတံခွန်စိုက်ဒိုင်း၊ စုပေါင်းတံခွန်စိုက် ဒိုင်းများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုနောက် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က ပြိုင်ပွဲဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ၊ အားကစား ဆေးဘက်ဌာနခွဲ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်/ နည်းပြများက ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးစောင့်ရှောက်ဆိုင်ရာကိစ္စရပ်များ၊ စားသောက် တည်းခိုနေထိုင်ရေး၊ မော်တော်ယာဉ်(ကြို/ပို့)ကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေး တင်ပြခဲ့ကြပြီးနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ဖြည့်စွက်၍ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒို(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲကို (၈.၁.၂၀၂၄)ရက်နေ့မှ (၁၂.၁.၂၀၂၄)ရက်နေ့အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း (၁၄)သင်း၊ အမျိုးသမီးအသင်း (၁၄)သင်း၊ ပြိုင်ပွဲဝင်ကစားသမားအင်အား စုစုပေါင်း(၂၆၆)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။