၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုးသား/အမျိုးသမီး) အကြိုဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ
နေပြည်တော်၊ မတ်(၃၀)။
ခရစ်ကက်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ခရစ်ကက်အဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၂၃- ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် (၈)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၁၊ ၂၊ ၃နှင့် ၄)တို့တွင် ကျင်းပခဲ့သည်။
ယနေ့ ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကရင်ပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ရလဒ်(၇)ဦးအသာဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ရလဒ်(၈)ဦးအသာဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို ရလဒ်(၈)ဦးအသာဖြင့်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ရလဒ်(၄၂)မှတ်အသာဖြင့်လည်းကောင်း၊ ခရစ်ကက်(အမျိုးသမီး)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့်ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းကို ရလဒ်(၃)မှတ်အသာဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို ရလဒ်(၆)ဦးအသာဖြင့်လည်းကောင်း၊ Plate Grouping ပြိုင်ပွဲပွဲစဉ်တွင် တနင်္သာရီတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ရလဒ်(၁)မှတ်အသာဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို ရလဒ်(၆)ဦးအသာဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
၂၀၂၄ ခုနှစ်၊ မတ်(၃၁)ရက်နေ့ နံနက်(၈)နာရီမှစ၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁၊ ၂၊ ၃နှင့် ၄)တို့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များနှင့် Plate Grouping ပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်၍ အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။


