အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလား ရရှိခဲ့သည့် ရှမ်းပြည်နယ်အမျိုးသမီးအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

တောင်ကြီးမြို့၊ စက်တင်ဘာလ(၁၃)ရက်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်မှ ၂၀၂၃ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလားရရှိခဲ့သော ရှမ်းပြည်နယ်အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် အားကစားသမားများ ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားကို (၁၁.၉.၂၀၂၃)ရက်နေ့ ညနေ (၁၈:၃၀)နာရီအချိန်တွင် တောင်ကြီးမြို့ ၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရကာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ ပြည်နယ် /ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ၊ အုပ်ချုပ်သူ/နည်းပြများ ၊ အလှူရှင်များနှင့် ပြိုင်ပွဲဝင်ဆုရအားကစားသမားများမှ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဂုဏ်ပြုထိုက်သူများကို ဂုဏ်ပြုချီးမြှင့်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်တယ် ယနေ့ကျင်းပပြုလုပ်တဲ့ ဂုဏ်ပြုပွဲအခမ်းအနားကတော့ အင်မတန်မှကျက်သရေမင်္ဂလာရှိတဲ့ပွဲဖြစ်တာနဲ့အညီ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရှမ်းပြည်နယ်ဂုဏ်ဆောင်ခဲ့သော အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးအသင်းအား ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပါကြောင်း ၊ ၂၀၂၃ ခုနှစ် အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ပွဲမှာတော့ ရှမ်းပြည်နယ်ဘောလုံးချစ်ပရိတ်သတ်များရဲ့ရှေ့မှောက်တွင် ပြိုင်ဘက်အသင်းများအား ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပြီး ပထမတံခွန်စိုက်ဆုဖလားကြီးကို ဆွတ်ခူးရရှိခဲ့သည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့်လည်း အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ၊ နိုင်ငံတော်က အားကစားကို အဘက်ဘက်မှ မြှင့်တင်ချီးမြှောက်နေချိန်ဖြစ်သလို ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့လည်း အားကစားကိုအထူးအားပေးဆောင်ရွက်လျက်ရှိတာကို အားလုံးအသိဘဲဖြစ်ပါကြောင်း ၊ ပြည်နယ်ရဲ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးကြတဲ့ အားကစားသမားအားလုံးရဲ့ စွမ်းဆောင်နိုင်မှုများကို မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း ၊ ရှမ်းပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးအသင်းဟာဆိုရင် ၂၀၁၈ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမ ၊ ၂၀၁၉ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမ ၊ ယခုအိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သော၂၀၂၃ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမ ထပ်မံရရှိခဲ့တာကြောင့် အသက်(၁၉)နှစ်အောက် ပြိုင်ပွဲ(၃)ကြိမ်လုံးမှာ ရှမ်းပြည်နယ်အသင်းက အနိုင်ရဗိုလ်စွဲခဲ့ပါကြောင်း ၊ ဒါ့အပြင်ရှမ်းပြည်နယ်အသင်းကနေပြီး မြန်မာ့လက်ရွေးစင်အများဆုံးမွေးထုတ်ပေးနိုင်ခဲ့ပါကြောင်းနှင့် ယခုရရှိထားသည့်အောင်မြင်မှုတွင် ရပ်တန့်မနေဘဲ နောင်လာမည့်ပြိုင်ပွဲများမှာလည်း ယခုထက်ပိုမို အောင်မြင်အောင်စွမ်းဆောင်ပြီး ပြည်နယ်နှင့်နိုင်ငံရဲ့ဂုဏ်ကို အားကစားဖြင့် ဆထက် ထမ်းပိုး တိုး၍ မြှင့်တင်နိုင်ကြစေလိုပါကြောင်း ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရှမ်းပြည်နယ်ရဲ့အားကစားအဆင့်အတန်းမြင့်မားလာစေရန်အတွက် ဘက်ပေါင်းစုံကနေ အမြဲတမ်းအားပေး ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသွားကာ ဂုဏ်ပြုချီးမြှင့်ငွေများကို ဆက်လက်ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း (၁၀၀)နှင့် အလှူရှင်များမှ ဂုဏ်ပြုချီးမြှင့် ငွေကျပ်(၁၅၆)သိန်း ဆုရအားကစားသမားများအတွက် စုစုပေါင်းငွေကျပ် (၂၅၆)သိန်းတိတိ/-အား ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

ဆက်လက်ပြီး ရှမ်းပြည်နယ်အမျိုးသမီးဘောလုံးအသင်းအုပ်ချုပ်သူ ဒေါ်နန်းအဲမာက ပြိုင်ပွဲအတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားသွားခဲ့ကာပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးကာ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။