(၁၉)ကြိမ်မြောက်အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲနှင့် (၅၇)ကြိမ်မြောက် အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတို့တွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်မြန်မာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ပြန်လည်ရောက်ရှိကြိုဆို
ရန်ကုန်၊ ဩဂုတ်လ(၂၅)ရက်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဩဂုတ်လ ၁၈ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၁၉)ကြိမ်မြောက်အရှေ့တောင်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုနှင့် ဩဂုတ်လ(၂၂)ရက်နေ့မှ (၂၄)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၅၇)ကြိမ်မြောက် အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတို့တွင် ရွှေတံဆိပ်(၅)ဆု၊ ငွေတံဆိပ်(၄)ဆု၊ ကြေးတံဆိပ်(၆)ဆု ဆွတ်ခူးရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်မြန်မာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့သည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်မိုးနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှု အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အမှုဆောင်များ ၊ မိဘဆွေမျိုး မိတ်သင်္ဂဟများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား/ကျောင်းသူများ ၊ အားကစားဝါသနာရှင် ပရိသတ်များက အိုးစည် ဒိုးပတ်များနှင့် သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြပါသည်။
အဆိုပါ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့တွင် ဩဂုတ်လ ၁၈ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၁၉)ကြိမ်မြောက်အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ၌ နိုင်ငံပေါင်း(၉)နိုင်ငံမှ ပြိုင်ပွဲဝင်အားကစားသမားများ အင်အား(၈၀)ဦးတို့သည် ပြိုင်ပွဲဝင်အတန်း (၁၇)တန်းကျင်းပ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်အတန်း(၁၁)တန်းတွင် ပြိုင်ပွဲဝင်ဦးရေ (၁၂)ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရာ ရွှေတံဆိပ်(၃)ဆု၊ ငွေတံဆိပ်(၂)ဆု၊ ကြေးတံဆိပ် (၃)ဆု ဆွတ်ခူးရရှိခဲ့ရာတွင် မြန်မာနိုင်ငံမှ ချမ်းမြေ့ထွန်းက Men’s Body Building -75 kg ၌ ပထမရွှေတံဆိပ်ဆု၊ စိုင်းသက်နောင်ဦး က Men’s Sports Physique Up to 175 cm ၌ ပထမရွှေတံဆိပ်ဆု ၊ မျိုးသူရကျော် က Men’s Sports Physique Over 175 cm ၌ ပထမ ရွှေတံဆိပ်ဆု ၊ စုမွန်လှိုင် က Women’s Model Physique Up to 160 cm ၌ ဒုတိယ ငွေတံဆိပ်ဆု ၊ ဇူးဇူးသန့် က Women’s Model Physique Over 165 cm ၌ ဒုတိယ ငွေတံဆိပ်ဆု ၊ မောင်မောင်စိုင်း က Men’s Body Building -70 kg ၌ တတိယကြေးတံဆိပ်ဆု၊ သန်းဇော်ထိုက် က Men’s Athletic Physique Up to -167 cm ၌ တတိယကြေးတံဆိပ်ဆု ၊ လင်းလင်းစိုး က Women’s Model Physique Up to 165 cm ၌ တတိယကြေးတံဆိပ်ဆုတို့ကို ရရှိခဲ့ပြီး ချမ်းမြေ့ထွန်း က(Mr.South East Asia 2025) ၂၀၂၅ ခုနှစ် ၊ အရှေ့တောင်အာရှ ကာယဗလမောင်အဖြစ်ရွေးချယ်ခံခဲ့ရကာ အမျိုးသား အသင်းလိုက် တံခွန်စိုက်ဆု၌ လာအိုနိုင်ငံ က ပထမ ၊ ထိုင်းနိုင်ငံ က ဒုတိယ ၊ မြန်မာနိုင်ငံ က တတိယနှင့် မြန်မာအမျိုးသမီးအသင်းလိုက် တံခွန်စိုက်ဆု၌ ဗီယက်နမ် က ပထမ ၊ ထိုင်းနိုင်ငံ က ဒုတိယ ၊ မြန်မာနိုင်ငံက တတိယ ရရှိခဲ့ပါ သည်။
ဆက်လက်၍ ဩဂုတ်လ(၂၂)ရက်နေ့မှ (၂၄)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၅၇)ကြိမ်မြောက် အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ၌ နိုင်ငံပေါင်း(၂၈)နိုင်ငံ မှပြိုင်ပွဲဝင်အားကစားသမား (၃၇၀)ဦးတို့သည် ပြိုင်ပွဲဝင်အတန်း(၄၉)တန်း ယှဉ်ပြိုင်ရာတွင် မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်အတန်း(၁၈)တန်းတွင်ပြိုင်ပွဲဝင် ဦးရေ(၂၀)ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရာ ရွှေတံဆိပ်(၂)ဆု၊ ငွေတံဆိပ်(၂)ဆု၊ကြေးတံဆိပ်(၃)ဆု ဆွတ်ခူးရရှိခဲ့ရာတွင် မြန်မာနိုင်ငံမှ ချမ်းမြေ့ထွန်း က အမျိုးသားကာယဗလပြိုင်ပွဲ 75kg ၌ ပထမရွှေတံဆိပ်ဆု၊ ဇူးဇူးသန့် က Women’s Model Physique Up to 170 cm ၌ ပထမရွှေတံဆိပ်ဆု၊ မောင်မောင်မြင့် က အမျိုးသားကာယဗလပြိုင်ပွဲ (40-49) Up to 80 kg ၌ ဒုတိယငွေတံဆိပ်ဆု ၊ မိုးသက်ခိုင်က Women’s wellmess Physique ၌ ဒုတိယငွေတံဆိပ်ဆု ၊ မောင်မောင်မြင့်က အမျိုးသား ကာယဗလပြိုင်ပွဲ 70kg တတိယကြေးတံဆိပ်ဆု၊ စိုင်းသက်နောင်ဦး က Men’s Sports Physique Up to 175 cm ၌ တတိယကြေးတံဆိပ်ဆု ၊ မျိုးသူရကျော်က Men’s Sports Physique Over 175 cm ၌ တတိယကြေးတံဆိပ်ဆုတို့ကိုရရှိခဲ့ပြီး ချမ်းမြေ့ထွန်း က အကောင်းဆုံး ကိုယ်ဟန်ပြ ဆုကိုရရှိခဲ့ပါသည်။ အဆိုပါ (၅၇)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် အမျိုးသားအသင်းလိုက်တံခွန်စိုက်ဆု၌ ထိုင်းနိုင်ငံက ပထမ ၊ အိန္ဒိယနိုင်ငံ က ဒုတိယ ၊ မလေးရှားနိုင်ငံ က တတိယနှင့် အမျိုးသမီးအသင်းလိုက် တံခွန်စိုက်ဆု၌ ထိုင်းနိုင်ငံ က ပထမ ၊ ဗီယက်နမ်နိုင်ငံက ဒုတိယ ၊ မွန်ဂိုလီးယားနိုင်ငံ က တတိယရရှိခဲ့ကြောင်း သိရှိရသည်။


