အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၁၆)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် မြန်မာအသင်းမှ ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၂)ခု စုစုပေါင်း(၅)ခု ဆွတ်ခူးရရှိပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပြန်လည်ရောက်ရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက်

ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်(WBPF)နှင့် Indonesia Body Building and Fitness Federation တို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဘန်တန်ကျွန်း၌ ကျင်းပခဲ့သည့် (၁၆)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် မြန်မာအသင်းမှ အုပ်ချုပ်သူ/နည်းပြ ၃ ဦး၊ အားကစားသမားအမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

မြန်မာအသင်းအနေဖြင့် အမျိုးသား ၇၅ ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား ၈၀ ကီလိုတန်းပြိုင်ပွဲ၊ Women’s Model Physique up to 160 cm ပြိုင်ပွဲ၊ Women’s Swimsuit Model Physique up to 165 cm ပြိုင်ပွဲ၊ Women’s Model Physique up to 170 cm ပြိုင်ပွဲနှင့် Women’s Swimsuit Model Physique over 165 cm ပြိုင်ပွဲ အမျိုးအစားများတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ အမျိုးသား ၇၅ ကီလိုတန်းပြိုင်ပွဲတွင် ရဲထွန်းနောင်က (ပထမ)ရွှေတံဆိပ်ဆုကို လည်းကောင်း၊ အမျိုးသား ၈၀ ကီလိုတန်းပြိုင်ပွဲတွင် ချမ်းမြေ့ထွန်းက (ဒုတိယ)ငွေတံဆိပ်ဆုကို လည်းကောင်း၊ ဇူးဇူးသန့်က Women’s Swimsuit Model Physique over 165 cm ပြိုင်ပွဲတို့တွင် (ဒုတိယ) ငွေ တံဆိပ်ဆုနှင့် Women’s Model Physique up to 170 cm ပြိုင်ပွဲတို့တွင် (တတိယ)ကြေးတံဆိပ်ဆုတို့ ကိုလည်းကောင်း၊ Women’s Model Physique up to 160 cm ပြိုင်ပွဲတွင် နီနီအောင်က (တတိယ)ကြေး တံဆိပ်ဆု ကိုလည်းကောင်း ဆုများအသီးသီးကို မြန်မာနိုင်ငံအတွက် ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူ ပေးနိုင်ခဲ့သည်။

မြန်မာအသင်းမှ ရဲထွန်းနောင်သည် ယခင်နှစ်က ကျင်းပခဲ့သည့် (၁၅)ကြိမ်မြောက် ကမ္ဘာ့ကာယဗလ နှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် (ပထမ)ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ပြီး ယခုနှစ်တွင်လည်း (ပထမ) ရွှေတံဆိပ်ဆုကို မြန်မာနိုင်ငံအတွက် ထိုက်ထိုက်တန်တန် ထပ်မံဆွတ်ခူး ရယူပေးနိုင်ခဲ့ပြီး နှစ်ထပ်ကွမ်း ကမ္ဘာ့ချန်ပီယံအဖြစ် မြန်မာနိုင်ငံတော်၏ ဂုဏ်ကို မြှင့်တင်ပေးနိုင်သူ တစ်ဦးဖြစ်သည်။

အဆိုပါအောင်ပွဲရ မြန်မာကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့သည် ယနေ့မွန်းလွဲပိုင်း တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအဖွဲ့ချုပ် မှ တာဝန်ရှိ သူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) မှ သင်တန်းသား/ သင်တန်းသူများ ၊ မိဘပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြကြောင်းသိရသည်။