![]()
(၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ အောင်မြင်စွာပြီးဆုံး၍ ပိတ်ပွဲအခမ်းအနားကျင်းပ
ထိုင်း ၊ ဇန်နဝါရီ ၂၆
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ယနေ့ည ဒေသစံတော်ချိန် ညနေ(၆)နာရီတွင် ထိုင်းနိုင်ငံ၊ နာခွန်ရစ်ချာဆီးမား(ခိုရတ်)မြို့ရှိ Majesty the King’s 80th Birthday Anniversary Commemorative Stadium ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး ဦးဆောင်သည့် မြန်မာမသန်စွမ်းအားကစားအဖွဲ့မှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၊ နိုင်ငံအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။
ပိတ်ပွဲအခမ်းအနားတွင် အိမ်ရှင်ထိုင်းနိုင်ငံ၏ ကွယ်လွန်သွားသော ဘုရင်မကြီးအား အောက်မေ့သတိရသောအားဖြင့် တက်ရောက်လာကြသူများက ခေတ္တငြိမ်သက်ပြီး အခမ်းအနားအား စတင်ခဲ့သည်။
ထို့နောက် ထိုင်းနိုင်ငံမှ အနုပညာရှင်များက ယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေခဲ့ပြီးနောက် ပြိုင်ပွဲဝင် အာဆီယံနိုင်ငံ (၁၀)နိုင်ငံမှ အားကစားအဖွဲ့များက မိမိတို့၏ နိုင်ငံတော်အလံများကို ကိုင်ဆောင်ကာ ကွင်းအတွင်းသို့ ဝင်ရောက်နေရာယူကြသည်။
ဆက်လက်ပြီး (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၏ အနှစ်ချုပ် Video Clip အား ပြသခြင်း၊ Governor of Sports Authority of Thailand ကအဖွင့်အမှာစကားပြောကြားခြင်း၊ Asean Para Sports Federation(APSF) ဥက္ကဌ Board of Governor အတွင်းရေးမှူးနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌတို့က နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် (၁၄)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲလက်ခံကျင်းပမည့် မလေးရှားနိုင်ငံသို့ ပြိုင်ပွဲအထိမ်းအမှတ်အလံလွှဲပြောင်းပေးအပ်ခြင်း၊ Asean Para Sports Federation(APSF) အလံနှင့် Para Games အလံများချခြင်း၊ ၂၀၂၇ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းမည့် မလေးရှားနိုင်ငံ၏ နိုင်ငံတော်အလံအား လွှင့်တင်ခြင်းအခမ်းအနားနှင့် အိမ်ရှင်မလေးရှားနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုအကအလှ ဖျော်ဖြေတင်ဆက်မှုများ၊ ပိတ်ပွဲအထိမ်းအမှတ် ဖျော်ဖြေတင်ဆက်မှုများပြုလုပ်ခဲ့ပြီး ရောင်စုံမီးရှူးမီးပန်းများ ပစ်ဖောက်၍ အခမ်းအနားအား ရုပ်သိမ်း ခဲ့သည်။
(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာမသန်စွမ်းအားကစား အဖွဲ့သည် အားကစားနည်း(၁၁)နည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၂၀)ခု၊ ငွေတံဆိပ်(၁၉)နှင့် ကြေးတံဆိပ်(၂၀) စုစုပေါင်း ဆုတံဆိပ်(၅၉)ခုဖြင့် နိုင်ငံအလိုက် အဆင့်(၆)တွင် ရပ်တည်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း သိရသည်။


