![]()
(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာအားကစားသမားများက ရေကူးနှင့် ပြေးခုန်ပစ်အပါအဝင် အားကစားနည်းများမှ ယနေ့အထိ ရွှေတံဆိပ်(၁၆)ခု၊ ငွေတံဆိပ်(၁၆)ခုနှင့် ကြေးတံဆိပ်(၁၆)ခုဆွတ်ခူးရရှိ
ထိုင်း၊ ဇန်နဝါရီ ၂၄
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ထိုင်းနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလျက်ရှိသည့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့နှင့် နာခွန်ရစ်ချာဆီးမား(ခိုရတ်)မြို့များရှိ အားကစားကွင်း/အားကစားရုံများ၌ ဆက်လက် ကျင်းပပြုလုပ်ခဲ့ရာ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် မြန်မာအသင်းအနေဖြင့် ပြေးခုန်ပစ်၊ ရေကူး၊ (၇)ယောက်တစ်ဖက်ဘောလုံး၊ ထိုင်လျက်ဘော်လီဘော၊ (မျက်မမြင်)စစ်တုရင်၊ အလေးမ၊ ဘိုးလင်းနှင့် စားပွဲတင် တင်းနစ်အားကစားနည်းများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီမှ စတင်၍ ရေကူးပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ (S10) အမျိုးသား မီတာ ၄၀၀ အလွတ်ကူးပြိုင်ပွဲတွင် စိုးဝင်းက ရွှေတံဆိပ်၊ (S4) အမျိုးသား မီတာ ၅၀ အလွတ်ကူးပြိုင်ပွဲတွင် ညီညီလင်းထက်က ရွှေတံဆိပ်၊ ပြေးခုန်ပစ်အာကစားနည်းမှ (F63) အမျိုးသား လှံတံပစ်ပြိုင်ပွဲတွင် ဒုအရာခံဗိုလ် တင်ညိုက ရွှေတံဆိပ်၊ (F44, F64) အမျိုးသား လှံတံပစ်ပြိုင်ပွဲတွင် ဒုတပ်ကြပ်(ငြိမ်း) စိုးသန်းက ရွှေတံဆိပ်၊ (F56) အမျိုးသား လှံတံပစ်ပြိုင်ပွဲတွင် စည်သူထက်က ရွှေတံဆိပ်၊ (F63) အမျိုးသား လှံတံပစ်ပြိုင်ပွဲတွင် ဒုတပ်ကြပ်(ငြိမ်း)အောင်ထွန်းလင်းက ငွေတံဆိပ်၊ (F44, F64) အမျိုးသား လှံတံပစ်ပြိုင်ပွဲတွင် ဒုတပ်ကြပ် နောင်နောင်လင်းက ငွေတံဆိပ်၊ (F46) အမျိုးသား သံလုံးပစ်ပြိုင်ပွဲတွင် အောင်ဘုန်းမြတ်က ငွေတံဆိပ်၊ (T46) အမျိုးသမီး အလျားခုန် ပြိုင်ပွဲတွင် နန္ဒာလင်းက ငွေတံဆိပ်၊ (T47) အမျိုးသား သုံးဆင့်ခုန်ပြိုင်ပွဲတွင် အောင်မြင့်မြတ်က ငွေတံဆိပ်၊ ရေကူးအားကစားနည်းမှ (S4) အမျိုးသား မီတာ ၅၀ အလွတ်ကူးပြိုင်ပွဲတွင် နိုဇင်က ကြေးတံဆိပ်၊ အလေးမအားကစားနည်းမှ အေးသူအောင်က 86 kg တန်းတွင် ကြေးတံဆိပ်ဆုများကို အသီးသီး ဆွတ်ခူးရရှိခဲ့သည်။
၂၂ ရက်နေ့တွင်ကျင်းပခဲ့သည့် (T44, T64) အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် လော်လာဝင်းသည် ကြေးတံဆိပ်ရရှိခဲ့သော်လည်း ၎င်းပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိခဲ့သော ကစားသမား သည် Disqualified ဖြစ်မှုကြောင့် ဆုပယ်ဖျက်ခြင်းခံရ၍ လော်လာဝင်းအား ငွေတံဆိပ်သတ်မှတ် ချီးမြှင့်ခဲ့သည့်အပြင် စတုတ္ထနေရာတွင်ရှိသော နန်းစန်းရတနာထွန်းကိုလည်း ကြေးတံဆိပ် သတ်မှတ် ချီးမြှင့်ခဲ့သည်။
ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆု တစ်ဆုလျှင် ဒေါ်လာ ၃၀၀၊ ငွေတံဆိပ်ဆု တစ်ဆုလျှင် ဒေါ်လာ ၂၀၀ နှင့် ကြေးတံဆိပ်ဆု တစ်ဆုလျှင် ဒေါ်လာ ၁၀၀ တို့ကို ဆုပေးပွဲအခမ်းအနား ကျင်းပပြီးချိန်တွင် နိုင်ငံတော်ကိုယ်စား မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့်အဖွဲ့သည် 80th Birthday Anniversary Stadium အတွင်း ကျင်းပလျက်ရှိသည့် ထိုင်လျက်ဘော်လီဘောပြိုင်ပွဲ၊ ရေကူးပြိုင်ပွဲနှင့် ပြေးခုန်ပစ်ပြိုင်ပွဲတို့အားလည်းကောင်း၊ Center Point Hotel Terminal 21(Korat)ရှိ အလေးမ အားကစားနည်းနှင့် စားပွဲတင် တင်းနစ်အားလည်းကောင်း၊ Nakhon Ratchasima Rajabhat University တွင် (မျက်မမြင်)စစ်တုရင်နှင့် (၇)ယောက်တစ်ဖက် ဘောလုံးပြိုင်ပွဲအားလည်းကောင်း၊ Blu-O Rhythm & Bowl, Esplanade Ratchada ရှိ ဘိုးလင်းပြိုင်ပွဲအားလည်းကောင်း လိုက်လံ ကြည့်ရှုအားပေးခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် မြန်မာမသန်စွမ်းအားကစားအဖွဲ့အနေဖြင့် ပြေးခုန်ပစ်၊ ရေကူး၊ (၇)ယောက်တစ်ဖက်ဘောလုံး၊ ထိုင်လျက်ဘော်လီဘော၊ (မျက်မမြင်)ဂိုးလ်ဘော (မျက်မမြင်) စစ်တုရင်၊ သေနတ်ပစ်နှင့် စားပွဲတင် တင်းနစ်အားကစားနည်းတို့ကို ဆက်လက်ဝင်ရောက် ယှဉ်ပြိုင် ကစားသွားမည် ဖြစ်သည်။
(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာမသန်စွမ်းအားကစားအဖွဲ့ အနေဖြင့် ဇန်နဝါရီလ ၂၄ ရက်နေ့ ပြိုင်ပွဲများအပြီးတွင် ရွှေတံဆိပ် (၁၆)ခု၊ ငွေတံဆိပ် (၁၆)ခုနှင့် ကြေးတံဆိပ် (၁၆)ခု၊ စုစုပေါင်းဆုတံဆိပ် (၄၈)ခု ဆွတ်ခူးရရှိထားပြီး နိုင်ငံအလိုက် အဆင့်(၆)တွင် ဆက်လက်ရပ်တည်လျက်ရှိကြောင်း သိရသည်။




