![]()
(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဦးဆုံးနှင့် ဒုတိယမြောက် ရွှေတံဆိပ်ဆုကို ရေကူးအားကစားနည်းမှ ဆွတ်ခူးရယူပေးနိုင်ခဲ့ပြီး တတိယမြောက်နှင့် စတုတ္ထမြောက် ရွှေတံဆိပ်ဆုတို့ကို ပြေးခုန်ပစ်အားကစားနည်းမှ ထပ်မံဆွတ်ခူးရရှိ
ထိုင်း၊ ဇန်နဝါရီ ၂၁ ။
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ရေကူး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ နာခွန်ရစ်ချာဆီးမား(ခိုရတ်)မြို့ရှိ 80th Birthday Anniversary Commemorative Stadium အတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ရေကူး (အမျိုးသား) မီတာ ၅၀ ပက်လက်ကူးပြိုင်ပွဲတွင် အောင်မြင့်မြတ် က မြန်မာနိုင်ငံအတွက် ပထမဦးဆုံး(ရွှေတံဆိပ်)ဆုကိုလည်းကောင်း၊ ဒုတိယ(ငွေတံဆိပ်)ဆုကို အင်ဒိုနီးရှားနိုင်ငံကလည်းကောင်း၊ တတိယ(ကြေးတံဆိပ်)ဆုကို ဗီယက်နမ်နိုင်ငံကလည်းကောင်း၊ ရေကူး(အမျိုးသား) မီတာ ၂၀၀ ရင်ဘောင်တန်းကူးပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ နန္ဒစိုးမင်းက ပထမ(ရွှေတံဆိပ်)ဆုကိုလည်းကောင်း၊ ဒုတိယ(ငွေတံဆိပ်)ဆုကို အိမ်ရှင် ထိုင်းနိုင်ငံမှလည်းကောင်း၊ တတိယ(ကြေးတံဆိပ်)ဆုကို ဗီယက်နမ်နိုင်ငံမှလည်းကောင်း၊ ရေကူး (အမျိုးသား) မီတာ ၁၀၀ အလွတ်ကူးပြိုင်ပွဲတွင် အိမ်ရှင် ထိုင်းနိုင်ငံက ပထမ(ရွှေတံဆိပ်)ဆုကိုလည်းကောင်း၊ ဒုတိယ(ငွေတံဆိပ်) ဆုကို မြန်မာနိုင်ငံမှ စိုးဝင်းကလည်းကောင်း၊ တတိယ(ကြေးတံဆိပ်)ဆုကို ဗီယက်နမ်နိုင်ငံက လည်းကောင်း၊ ရေကူး(အမျိုးသား) မီတာ ၂၀၀ ရင်ဘောင်တန်းကူးပြိုင်ပွဲတွင် ပထမ(ရွှေတံဆိပ်)ဆုကို မလေးရှားနိုင်ငံကလည်းကောင်း၊ ဒုတိယ(ငွေတံဆိပ်)ဆုကို မြန်မာနိုင်ငံမှ မင်းထူးကလည်းကောင်း၊ တတိယ(ကြေးတံဆိပ်)ဆုကို အင်ဒိုနီးရှားနိုင်ငံကလည်းကောင်း အသီးသီး ဆွတ်ခူးရရှိခဲ့သည်။
ဆက်လက်၍ (အမျိုးသား) သံလုံးပစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ တင်ညိုက ပထမ(ရွှေတံဆိပ်)ဆု ကိုလည်းကောင်း၊ ဒုတိယ (ငွေတံဆိပ်)ဆုကို အင်ဒိုနီးရှားနိုင်ငံကလည်းကောင်း၊ တတိယ(ကြေးတံဆိပ်) ဆုကို မြန်မာနိုင်ငံမှ အောင်ထွန်းလင်းကလည်းကောင်း အသီးသီး ရရှိခဲ့သည်။
ထို့နောက် (အမျိုးသမီး) သံပြားဝိုင်းပစ်ပြိုင်ပွဲတွင် ထက်ထက်အေးက ပထမ(ရွှေတံဆိပ်)ဆုကို လည်းကောင်း၊ ဒုတိယ(ငွေတံဆိပ်)ဆုနှင့် တတိယ(ကြေးတံဆိပ်)ဆု ဖိလစ်ပိုင်နိုင်ငံကလည်းကောင်း၊ (အမျိုးသမီး) သံပြားဝိုင်းပစ် ပြိုင်ပွဲတွင် ပထမ(ရွှေတံဆိပ်)ဆုကို မလေးရှားနိုင်ငံကလည်းကောင်း၊ ဒုတိယ(ငွေတံဆိပ်)ဆုကို မြန်မာနိုင်ငံမှ ချောဧကရီကလည်းကောင်း၊ တတိယ(ကြေးတံဆိပ်)ဆုကို မလေးရှားနိုင်ငံကလည်းကောင်း အသီးသီး ဆွတ်ခူးရရှိခဲ့သည်။
(၂၁.၁.၂၀၂၆)ရက်နေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြေးခုန်ပစ်၊ ရေကူး၊ မျက်မမြင်ဂိုးလ်ဘော၊ မျက်မမြင်စစ်တုရင်၊ စားပွဲတင်တင်းနစ်၊ ထိုင်လျက်ဘောလီဘော၊ ဘောလုံးအားကစားနည်းများတွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၃)ခု၊ ကြေးတံဆိပ်(၁)ခု စုစုပေါင်း ဆုတံဆိပ် (၈)ခု ဆွတ်ခူးရရှိခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံမှ ရွှေ၊ ငွေနှင့် ကြေးတံဆိပ်ဆုရရှိခဲ့ကြသူများကို မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးကလည်းကောင်း၊ အခြားပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိခဲ့ကြသူများကို တာဝန်ရှိသူများကလည်းကောင်း အသီးသီး ဆုတံဆိပ်များပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့ပြင် ထိုင်လျက်ဘော်လီဘော အုပ်စုအဖွင့်ပွဲစဉ်တွင် မြန်မာအသင်းနှင့် အိမ်ရှင်ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက အိမ်ရှင်ထိုင်းအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ (၇)ယောက် တစ်ဖက်ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းနှင့် အိမ်ရှင်ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက် ၂ ဂိုးစီ သရေရလဒ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။
ယင်းနောက် ပြိုင်ပွဲများတွင် ပထမ(ရွှေတံဆိပ်)ဆုရရှိခဲ့သူများကို ဒေါ်လာ ၃၀၀၊ ဒုတိယ(ငွေတံဆိပ်)ဆုရရှိခဲ့သူများကို ဒေါ်လာ ၂၀၀နှင့် တတိယ(ကြေးတံဆိပ်)ဆုရရှိခဲ့သူများကို ဒေါ်လာ ၁၀၀ တို့အား မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ကိုယ်စား မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးက ဆုများအသီးသီး ချီးမြှင့်ခဲ့သည်။
(၂၂.၁.၂၀၂၆)ရက်နေ့ ပြိုင်ပွဲ ပွဲစဉ်များတွင် မြန်မာနိုင်ငံအနေဖြင့် မျက်မမြင်စစ်တုရင်၊ မျက်မမြင် ဂိုးလ်ဘော၊ ရေကူး၊ ထိုင်လျက်ဘော်လီဘော၊ ဘောလုံး၊ ပြေးခုန်ပစ်၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ ဘိုစီယာနှင့် ဘိုးလင်းအားကစားနည်းများတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။







