အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ထိုင်လျက်ဘော်လီဘော အားကစားနည်းမှ ရွှေတံဆိပ်ဆုနှင့် ဘောလုံးအားကစားနည်းမှ ငွေတံဆိပ်ဆုများ ထိုက်ထိုက် တန်တန် ဆွတ်ခူးရရှိပြီး ရွှေတံဆိပ်(၂၀)ခု၊ ငွေတံဆိပ်(၁၉)ခုနှင့် ကြေးတံဆိပ်(၂၀)ခုဖြင့် မြန်မာမသန်စွမ်းအားကစားအဖွဲ့ နိုင်ငံအလိုက် အဆင့်(၆)နေရာ၌ ရပ်တည်

ထိုင်း၊ ဇန်နဝါရီ ၂၅

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ထိုင်းနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့နှင့် နာခွန်ရစ်ချာဆီးမား(ခိုရတ်)မြို့များရှိ အားကစားကွင်း/အားကစားရုံများ၌ ဆက်လက် ကျင်းပပြုလုပ်ခဲ့ရာ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် မြန်မာအသင်းအနေဖြင့် ပြေးခုန်ပစ်၊ ရေကူး၊ (၇)ယောက်တစ်ဖက်ဘောလုံး၊ ထိုင်လျက်ဘော်လီဘော၊ (မျက်မမြင်)ဂိုးလ်ဘော၊ (မျက်မမြင်) စစ်တုရင်၊ သေနတ်ပစ်နှင့် စားပွဲတင် တင်းနစ်အားကစားနည်းများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီမှ စတင်၍ ရေကူးပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ (S4) အမျိုးသား မီတာ ၁၀၀ အလွတ်ကူးပြိုင်ပွဲတွင် ညီညီလင်းထက်က ရွှေတံဆိပ်၊ (SB7) အမျိုးသား မီတာ ၅၀ ရင်ဘောင်တန်းကူးပြိုင်ပွဲတွင် မင်းထူးက ငွေတံဆိပ်၊ (S6) အမျိုးသား မီတာ ၁၀၀ အလွတ်ကူးပြိုင်ပွဲတွင် အောင်မြင့်မြတ်က ကြေးတံဆိပ်၊ ပြေးခုန်ပစ်အားကစားနည်းတွင် (F55) အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲတွင် ထက်ထက်အေးက ရွှေတံဆိပ်၊ (F63,F64) အမျိုးသမီး သံလုံးပစ် ပြိုင်ပွဲတွင် စိန်ဖော့က ရွှေတံဆိပ်၊ နန်းဝင်းဝင်းသန်းက ငွေတံဆိပ်၊ (မျက်မမြင်)ဂိုးလ်ဘောအားကစား နည်းတွင် မြန်မာအသင်းက ကြေးတံဆိပ်၊ (မျက်မမြင်)စစ်တုရင်အားကစားနည်းတွင် (B2) အမျိုးသား အသင်းလိုက်ပွဲစဉ်၌ မောရှေ၊ လင်းထက်နောင်နှင့် မင်းသန့်စိုးတို့အတွဲက ကြေးတံဆိပ်၊ (B1) အမျိုးသားအသင်းလိုက်ပွဲစဉ်၌ ကောင်းစံ၊ မျိုးဆန်အောင်နှင့် သန့်ဇင်ဦးတို့အတွဲက ကြေးတံဆိပ်၊ ထိုင်လျက်ဘော်လီဘော ဗိုလ်လုပွဲ ပွဲစဉ်တွင် မြန်မာအသင်းက အင်ဒိုနီးရှားအသင်းအား (၃)ပွဲပြတ်ဖြင့် အနိုင်ရရှိပြီး ရွှေတံဆိပ်၊ (၇)ယောက်တစ်ဖက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်တွင် မြန်မာအသင်းက အိမ်ရှင် ထိုင်းအသင်းကို (၁)ဂိုး ဂိုး(မရှိ)ဖြင့် ရှုံးနိမ့်ခဲ့ပြီး ငွေတံဆိပ်ဆုကိုလည်းကောင်း အသီးသီး ဆွတ်ခူးရရှိခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပရာ ပထမ၊ ဒုတိယနှင့် တတိယရရှိသူများကို မြန်မာမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ် လှမိုးနှင့် Asean Para Sports Federation(APSF)မှ တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

နိုင်ငံတော်က ပြိုင်ပွဲကာလအတွင်း ရွှေတံဆိပ်ဆု တစ်ဆုလျှင် အမေရိကန် ဒေါ်လာ ၃၀၀၊ ငွေတံဆိပ်ဆု တစ်ဆုလျှင် ဒေါ်လာ ၂၀၀ နှင့် ကြေးတံဆိပ်ဆု တစ်ဆုလျှင် ဒေါ်လာ ၁၀၀ တို့ကို သတ်မှတ်ချီးမြှင့်ထားရှိရာ ဆုပေးပွဲအခမ်းအနား ကျင်းပပြီးချိန်တွင် နိုင်ငံတော်ကိုယ်စား မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးက ပေးအပ်ချီးမြှင့်ခဲ့သည်။

မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့်အဖွဲ့သည် 80th Birthday Anniversary Stadium အတွင်း မြန်မာမသန်စွမ်း ပြေးခုန်ပစ်အားကစားအဖွဲ့၊ ရေကူးအားကစားအဖွဲ့၊ သေနတ်ပစ်အားကစားအဖွဲ့နှင့် ထိုင်လျက်ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်တွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း၊ Center Point Hotel Terminal 21(Korat)တွင် စားပွဲတင် တင်းနစ်အားကစားအဖွဲ့ ယှဉ်ပြိုင်ကစားနေမှုကိုလည်းကောင်း၊ Vongchavalitkul University တွင် (မျက်မမြင်)ဂိုးလ်ဘော အားကစားအဖွဲ့ ယှဉ်ပြိုင်ကစားနေမှုများကို လည်းကောင်း၊ Nakhon Ratchasima Rajabhat University တွင် (မျက်မမြင်)စစ်တုရင်အားကစားအဖွဲ့နှင့် (၇)ယောက်တစ်ဖက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်တွင် မြန်မာအသင်းနှင့် အိမ်ရှင် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကိုလည်းကောင်း လိုက်လံကြည့်ရှုအားပေးခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် မြန်မာမသန်စွမ်းအားကစားအဖွဲ့အနေဖြင့် ပြေးခုန်ပစ်၊ ရေကူး၊ ထိုင်လျက်ဘော်လီဘော၊ (၇)ယောက်တစ်ဖက်ဘောလုံး၊ (မျက်မမြင်)ဂိုးလ်ဘော၊ (မျက်မမြင်) စစ်တုရင်၊ သေနတ်ပစ်နှင့် စားပွဲတင် တင်းနစ်အားကစားနည်းများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၃)ခုနှင့် ကြေးတံဆိပ်(၄)ခု ဆွတ်ခူးရရှိခဲ့သည်။

(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာမသန်စွမ်းအားကစားအဖွဲ့ အနေဖြင့် ရွှေတံဆိပ် (၂၀)ခု၊ ငွေတံဆိပ် (၁၉)ခုနှင့် ကြေးတံဆိပ် (၂၀)ခု၊ စုစုပေါင်းဆုတံဆိပ် (၅၉)ခု ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့်(၆)တွင် ရပ်တည်နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ရရှိခဲ့သည့် ရွှေတံဆိပ်များထက် (၅)ခု ပိုမိုရရှိခဲ့သည့်အတွက် ယခုပြိုင်ပွဲသည် မြန်မာမသန်စွမ်းအားကစား အဖွဲ့အနေဖြင့် နိုင်ငံတော်၏ဂုဏ်ကို အားကစားဖြင့် မြှင့်တင်နိုင်ခဲ့ကြောင်း သိရသည်။