အောင်ပွဲရမြန်မာအမျိုးသမီးဘောလုံးအသင်းအားသောင်းသောင်းဖြဖြကြိုဆို
ရန်ကုန် ၊ ဖေဖော်ဝါရီလ ၂၈ရက်
နီပေါနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော လေးနိုင်ငံ အမျိုးသမီးဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ (INTERNATIONAL WOMEN’S CHAMPIONSHIP 2025)တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းက အိမ်ရှင် နီပေါအသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆုဖလားရရှိကာ ယနေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
အဆိုပါမြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းအား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက၊ တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်း၊ အားကစားနှင့်လူငယ်ရေးရာ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်မင်းထက်၊ တိုင်းဒေသကြီး၀န်ကြီးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့်ဇနီးဒေါ်ဌေးဌေးခိုင် ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်မင်းသန့် နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ ၊ အမျိုးသမီးဘောလုံးကော်မတီဥက္ကဌ ဒေါ်ခင်စံပယ်ကြည် ၊ MFF ဒုတိယဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဒေါ်ခင်စောဦးနှင့် အဖွဲ့ဝင်များ ၊ အမှုဆောင်များ၊ အားကစားဝါသနာရှင်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ထို့နောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့က မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းအားဂုဏ်ပြုဆုငွေကျပ် သိန်း၆၅၀ချီးမြှင့်ခဲ့ကြသည်။
မြန်မာ နှင့် နီပေါလက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းတို့သည် ဗိုလ်လုပွဲအဖြစ် ဖေဖော်ဝါရီ ၂၆ ရက်ည ၆ နာရီ ၄၅ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့ရာ ပထမပိုင်းပြီးဆုံးချိန်အထိ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့ပြီး ဒုတိယပိုင်းပွဲကစားချိန်အတွင်း ဝင်းသိင်္ဂီထွန်းနှင့် ရူပါခိုင်တို့၏သွင်းဂိုးများဖြင့် ပွဲပြီးဆုံးချိန်၌ ၂ ဂိုး ဂိုးမရှိရလဒ် ဖြင့် နိုင်ပွဲရရှိကာ ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ပြိုင်ပွဲတလျှောက် ၄ သင်းပတ်လည်ယှဉ်ပြိုင်ကစားရာ၌ ရှုံးပွဲမရှိစံချိန်ရရှိခဲ့ပြီး လက်ဘနွန်အသင်းအား ၃ ဂိုး ၁ ဂိုး၊ ကာဂျစ္စတန်အသင်းအား ၅ ဂိုး ဂိုးမရှိရလဒ်တို့ဖြင့်အနိုင်ယူခဲ့ကာ ဖေဖော်ဝါရီ ၂၃ ရက်က အိမ်ရှင်နီပေါအသင်းနှင့်ပွဲစဉ်တွင်လည်း ၂ ဂိုး ၂ ဂိုးရလဒ်ဖြင့် သရေကျခဲ့ကာ ထိုသို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ထိပ်ဆုံးနှစ်သင်း ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရမည့်စည်းမျဉ်းကြောင့် ဖေဖော်ဝါရီ ၂၆ ရက်တွင် အိမ်ရှင်နီပေါအသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့ရာတွင် ချန်ပီယံဆု ရရှိခဲ့ကြောင်းသိရသည်။


