အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အား/ကာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်၍အောင်မြင်မှုများ ရရှိစေရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ နှင့် တွေ့ဆုံ

ရန်ကုန်၊အောက်တိုဘာ ၂၈

(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်၍ အောင်မြင်မှုများရရှိစေရေးအတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားနည်းများ၏ သက်ဆိုင်ရာ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပ ပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြား‌ရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးဝင်းထက်မွန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်(၂၅)ဖွဲ့တို့မှ ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် တာဝန်ခံနည်းပြများတက်ရောက်ခဲ့ကြပါသည်။

ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် သက်ဆိုင်ရာ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပရခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များအနေဖြင့် ယနေ့အစည်းအဝေးတွင် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး နှင့်စပ်လျဉ်း၍ နောက်ဆုံးအပြီးသတ်အမည်စာရင်းပေးသွင်းခြင်း လုပ်ငန်းစဉ်များကို အဓိကထားကာ အဖွဲ့တစ်ဖွဲ့ချင်းစီအလိုက် အားကစားသမားတစ်ဦးချင်းအပေါ် သုံးသပ်ဆွေးနွေးကြစေလိုကြောင်း၊ သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များအနေဖြင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် Short List(By Name) အမည်စာရင်းများ စိစစ်ပေးပို့ထားပြီး ဖြစ်သော်လည်း အမည်စာရင်းပါ အားကစားသမားများ၏ ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်ခန့်မှန်းမှုများကို တိတိကျကျအနီးစပ်ဆုံး ထပ်မံဆွေးနွေးပေးကြစေလိုကြောင်း၊ ဆုတံဆိပ်မရရှိနိုင်သော အားကစားသမားများကို စိစစ်လျော့ချပြီး ဆုတံဆိပ်ရရှိနိုင်သော အားကစားသမားများကို စေလွှတ်သွားစေလိုကြောင်း၊ မိမိတို့အားကစားနည်းနှင့်ပတ်သက်သော ဆုတံဆိပ်မျှော်မှန်း တင်ပြချက်များအားတင်ပြ ဆွေးနွေးကြစေလိုကြောင်း၊ ဆုတံဆိပ်မျှော်မှန်း အားကစားသမားများ၏ စံချိန်ရရှိမှုများကို နိုဝင်ဘာလ ၁၂ ရက်နေ့ နှင့် ၁၃ ရက်နေ့တို့တွင် နောက်ဆုံးထား၍ စံချိန်ရယူခြင်းများ ဆောင်ရွက်ကာ နိုဝင်ဘာလ ၁၄ ရက်နေ့ အပြီး စံချိန်မှတ်တမ်းများကို ပြုစုတင်ပြကြစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာကြသည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် တာဝန်ခံနည်းပြများက (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရေးနှင့် အောင်မြင်မှုဆုတံဆိပ်များရရှိစေရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ ၊ အားကစားအဖွဲ့များမှပြိုင်ပွဲတွင် ရွှေတံဆိပ်မျှော်မှန်းထားရှိမှုများနှင့် ဆုတံဆိပ်မျှော်မှန်းသည့် Event များအား တင်ပြဆွေးနွေးခြင်း၊ စံချိန်နှင့်ယှဉ်ပြိုင်ရသည့် အားကစားနည်းများအား (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ရရှိခဲ့သည့် စံချိန်များနှင့် နှိုင်းယှဉ်တင်ပြခြင်း၊ စွမ်းဆောင်ရည်ဖြင့်ယှဉ်ပြိုင်ရသည့် အားကစားနည်းများအနေဖြင့် အမှန်တကယ် ဆုတံဆိပ်မျှော်မှန်းနိုင်သည့် ကီလိုတန်းများ၏ အားကစားသမားများ အမည်စာရင်းများကို တင်ပြဆွေးနွေးခဲ့ရာ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၁ နှင့် ၂ )တို့မှ ညွှန်ကြားရေးမှူးများက ထပ်မံဖြည့်စွက် ဆွေးနွေးခဲ့ပြီးနောက် ဒုတိယညွှန်ကြားရေးမှူးချုပ် က ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။