အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပိုက်ကျော်ခြင်း ဒိုင်လူကြီးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်

နေပြည်တော်၊ ဇူလိုင် ၂၅ ။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ပိုက်ကျော်ခြင်းဒိုင်လူကြီးသင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက သင်တန်း အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင်ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် သက်ဆိုင်ရာအားကစားနည်းအလိုက် ဒိုင်လူကြီးတာဝန်ထမ်းဆောင်မည့် သူများ အရည်အချင်းပြည့်မီစွာ တာဝန်ထမ်းဆောင်နိုင်စေရေးအတွက် ရည်ရွယ်၍ ယခုလိုဒိုင်လူကြီး သင်တန်းများအား ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ အားကစားပြိုင်ပွဲများတွင် ဒိုင်လူကြီးများ၏ သမာသမတ်ရှိရှိ၊ တရားနည်းလမ်းကျကျနှင့် စနစ်တကျ မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးနိုင်ခြင်းသည် အရေးကြီးသည့် ကဏ္ဍတစ်ခုအနေဖြင့်ပါဝင်ပါကြောင်း၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်အနေဖြင့် အရှေ့တောင်အာရှပြိုင်ပွဲ၊ အာရှပြိုင်ပွဲနှင့် အခြားပြည်ပပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိနေ သည်ကို တွေ့ရှိရပါကြောင်း၊ ပိုက်ကျော်ခြင်းအားကစားနည်းတွင် ပြည်ပဒိုင် တာဝန်ထမ်းဆောင်ဖူးသူ ၃၂ ဦးနှင့် ပြည်တွင်းဒိုင်သင်တန်းတက်ရောက်အောင်မြင်ပြီးသူ များစွာရှိနေသည်ကိုတွေ့ရှိရပါကြောင်း၊ ပြည်တွင်းဒိုင် လူကြီးသင်တန်းများမှသည် အပြည်ပြည်ဆိုင်ရာဒိုင်လူကြီးများဖြစ်သည်အထိ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက် သွားကြရန်လိုကြောင်း၊ ပြည်ပဒိုင်တာဝန်ထမ်းဆောင်သည့်အခါတွင် အပြန်အလှန်ပြောဆိုဆက်ဆံနိုင်စေရန်အတွက် အင်္ဂလိပ်ဘာသာစကားကိုလည်း သိရှိနားလည်လေ့လာထားရန်လိုအပ်ကြောင်း၊ ဒိုင်လူကြီးများ အနေဖြင့် ဥပဒေသများကျွမ်းကျင်မှု၊ ကိုယ်ကျင့်တရားကောင်းမွန်မှု၊ အဂတိတရားကင်းရှင်းမှုနှင့် မှန်ကန်စွာ ဆုံးဖြတ်နိုင်မှုတို့သည် လွန်စွာအရေးကြီးကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် ထပ်မံဖွင့်လှစ် မည့် အပြည်ပြည်ဆိုင်ရာဒိုင်လူကြီးသင်တန်းများကိုလည်း ကြိုးစားတက်ရောက်ပြီး အရည်အချင်းပြည့်မီ သည့် ဒိုင်လူကြီးများဖြစ်လာစေရန်နှင့် အပြည်ပြည်ဆိုင်ရာပိုက်ကျော်ခြင်းအဖွဲ့ချုပ် အသိအမှတ်ပြု ဒိုင်များအဖြစ်ရောက်ရှိအောင် ကြိုးစားသွားကြရန်လိုကြောင်း၊ သင်တန်းသားများအနေဖြင့် ပိုက်ကျော်ခြင်း အားကစားနည်းနှင့် မြန်မာ့အားကစားကို မြှင့်တင်ပေးနိုင်အောင် တတ်စွမ်းသမျှကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲဝင့်ထွဋ်တင်က ယခုသင်တန်းကို အရည်အချင်းပြည့်မီသည့် အပြည်ပြည်ဆိုင်ရာဒိုင်လူကြီးများထွက်ပေါ်လာစေရန် ရည်ရွယ်ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်းနှင့် သင်တန်းအား ဖွင့်လှစ်ခွင့်ပြုပေးသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကို ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ သင်တန်းဖွင့်ပွဲ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

ပိုက်ကျော်ခြင်းဒိုင်လူကြီးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)ကို ဇူလိုင် ၂၅ ရက်မှ ၃၁ ရက်အထိ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ သင်တန်းသား/ သင်တန်းသူ ၂၄ ဦးဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)နှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း(Youth Camp)တို့မှ အားကစားသမားများအား တွေ့ဆုံအမှာစကား ပြောကြားခြင်းနှင့် ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာတွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ကိုယ်စားပြုယှဉ်ပြိုင်နိုင်သည့် စံချိန်စံညွှန်း ပြည့်မီပြီး အရည်အချင်းရှိသည့် အားကစားသမားများဖြစ်လာစေရန် ကြိုးစားကြစေလိုကြောင်း၊ ဝန်ကြီးဌာန အနေဖြင့်လည်း အဘက်ဘက်က ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့သက်ဆိုင်ရာ အားကစားနည်းများတွင် ထူးချွန်သူများဖြစ်လာစေရန်နှင့် အားကစားသမားတစ်ဦးချင်းစီ၏ ကိုယ်ရည် ကိုယ်သွေး အစဉ်တိုးတက်နေစေရန်ကြိုးစားကြစေလိုကြောင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက မြန်မာပြည်စံချိန်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးစံချိန်များတွင် စံချိန်သစ်တင်နိုင်ခဲ့သည့် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)နှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း(Youth Camp)တို့မှ အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက ပြိုင်ပွဲများတွင် စံချိန်သစ်တင်နိုင်အောင် စွမ်းဆောင်ပေးခဲ့သည့် နည်းပြများအား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ အခမ်းအနားများသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းသား/သင်တန်းသူများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။