အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသို့ မှတ်တမ်းများလွှဲပြောင်းပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ မတ် ၆ ။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသို့ မှတ်တမ်းများလွှဲပြောင်းပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ် ၁ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံး၌ ကျင်းပခဲ့ရာ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၊ မှတ်တမ်းဌာနခွဲ ညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးနှင့်အဖွဲ့ဝင်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန(ဝန်ကြီးရုံး)၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူငယ်ရေးရာဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ နှင့်တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြသည်။
အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူထုအားကစားနှင့်ပညာပေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလွင်က မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်ထားရှိသည့် အားကစားဆိုင်ရာ မှတ်တမ်းများ၊ အားကစားပြိုင်ပွဲများကျင်းပပြုလုပ်ခဲ့သည့်မှတ်တမ်းများကို ရေရှည်ထိန်းသိမ်း နိုင်ရန်နှင့် နောင်တွင်လိုအပ်သည့်အခါ အလွယ်တကူ ရည်ညွှန်းကိုးကားနိုင်စေရန်အတွက် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသို့ မှတ်တမ်းများ လွှဲပြောင်းပေးနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၊ မှတ်တမ်းဌာနခွဲ ညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးက မှတ်တမ်းဆိုသည်မှာ သမိုင်းအထောက်အထားများကို နောင်လာနောက်သားများ ပြန်လည်ကိုးကားနိုင်စေရန်အတွက် ထိန်းသိမ်းထားရှိပေးခြင်းဖြစ်ပါကြောင်း၊ အလုပ်မလုပ်လျှင် မှတ်တမ်းများမရှိနိုင်ပါကြောင်း၊ MOU မှတ်တမ်းများအပါအဝင် သမိုင်းအထောက်အထားများအဖြစ် တန်ဖိုးရှိသည့်မှတ်တမ်းများကို မိမိတို့ဌာနသို့ လွှဲပြောင်းပေးနိုင်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးကလည်း ဝန်ကြီးဌာနအသီးသီးမှ မှတ်တမ်းများ လွှဲပြောင်းပေးပို့နိုင်ရေးနှင့်စပ်လျဉ်း၍ လမ်းညွှန်မှာကြားထားပါကြောင်း၊ မှတ်တမ်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို ပွင့်ပွင့်လင်းလင်းမေးမြန်းနိုင်ပါကြောင်းပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနခွဲအသီးသီးမှ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနခွဲအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊ လွှဲပြောင်းပေးအပ်နိုင်သည့် မှတ်တမ်းအမျိုးအစားများနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့မှုအပေါ် ညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။
ယင်းနောက် လူထုအားကစားနှင့်ပညာပေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလွင်က အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၊ မှတ်တမ်းဌာနခွဲ ညွှန်ကြားရေးမှူး ဦးဇော်လွင်ဦး နှင့်အဖွဲ့ဝင်များကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (Social Zone)၌ ဖွင့်လှစ်ထားရှိသည့် အားကစားလှုပ်ရှားမှုများပြခန်းသို့ လိုက်လံရှင်းလင်းပြသခဲ့ကြောင်းသိရသည်။


