![]()
အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး နှင့် ဝန်ထမ်းများတွေ့ဆုံပွဲအခမ်းအနားကျင်းပ
ရန်ကုန် ၊ ဇူလိုင် ၁၇
အားကစားနှင့် ကာယပညာဦးစီးဌာန ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး နှင့် ဝန်ထမ်းများတွေ့ဆုံ ပွဲအခမ်းအနားကို ယနေ့ ညနေ (၁၅ : ၀၀) နာရီအချိန်တွင် တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာ သိပ္ပံ (ရန်ကုန်)ကျောင်းအုပ်ကြီးဦးထွန်းထွန်းဦး၊ ဒုတိယကျောင်းအုပ်ကြီးများ၊ ဌာနခွဲအလိုက် အရာထမ်း၊ အမှုထမ်းများ ၊ အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများနှင့်အားကစားနည်းအလိုက်တာဝန်ခံများစုစုပေါင်း(၁၇၆)ဦး တက်ရောက်ခဲ့ပါသည်။
ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)စတင်ဖွင့်လှစ်ခဲ့သည်မှာ ၁.၈.၂၀၂၆ရက်နေ့တွင် ၂၉ နှစ်တင်းတင်းပြည့်မြောက် ခဲ့ပြီးဖြစ်ပါကြောင်း၊ မိမိတို့ရှေ့ဆက်ရမည့် လုပ်ငန်းများ အတွက် ရည်မှန်းချက်အသစ်များချမှတ်ပြီး မိမိတို့၏ လုပ်ငန်းတာဝန်များ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာကိစ္စရပ်များ၊ နေထိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်ရာတွင် အခက်အခဲရှိပါက ပွင့်ပွင့် လင်းလင်းတင်ပြကြစေလိုကြောင်း၊ ရုံးလုပ်ငန်းတာဝန်များ ကိုထမ်းဆောင်ရာတွင် ဝန်ထမ်းစိတ်ဓာတ်၊ အဖွဲ့အစည်းစိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်ဖြင့် ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ယခုကာလသည် ရာသီတုပ်ကွေးများနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများဖြစ်ပွားနေသည့် ကာလဖြစ်သည့်အတွက် အစားအသောက်၊ အနေအထိုင်သန့်ရှင်းသပ်ရပ်မှုရှိစေရန် အထူးဂရုစိုက်ကြစေလိုကြောင်း၊ ပညာရေးပိုင်း နှင့်ပတ်သက်၍ ဆရာ/ဆရာမများက စာပေသင်ကြားရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရသလို အားကစားနည်းပြဆရာ/ဆရာမများကလည်း အားကစားသမားများ၏ စွမ်းဆောင်ရည်မြင့်မားရေး အတွက် စနစ်တကျလေ့ကျင့်သင်ကြားပေးစေလိုကြောင်း၊ ကျောင်းပတ်ဝန်းကျင် အမြဲသန့်ရှင်းသပ်ရပ် သာယာလှပစေရန် နှင့် စနစ်တကျရှိစေရန် အားလုံးပါဝင်ဆောင်ရွက်ကြရန်၊၂၀၂၆-၂၀၂၇ပညာသင်နှစ်တွင် တက်ရောက်သင်ကြားနေသော ကျောင်းသား/ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်ချက် ကောင်းကောင်းဖြင့်အောင်မြင်နိုင်အောင် ယခင်ကထက် အဆပေါင်း(၅)ဆပိုမို၍ဘက်ပေါင်းစုံမှ အားလုံး ပါဝင်ပူးပေါင်းဆောင်ရွက်သွားစေလိုကြောင်း၊ ဌာနခွဲတိုင်းဟန်ချက်ညီညီအချိတ်အဆက် မိမိဆောင်ရွက် ခြင်းဖြင့်အပြန်အလှန်လေးစားမှုရှိပြီး မိမိတို့ကျောင်းအောင်မြင် တိုးတက်မှာဖြစ်ကြောင်းပြောကြားခဲ့ပါ သည်။
ဆက်လက်၍ တက်ရောက်လာသော ဌာနခွဲအသီးသီးမှ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးက လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားပြီးနောက် ၂၀၂၆-၂၀၂၇ပညာသင်နှစ်တွင် တက်ရောက်နေသည့် သင်တန်းသား/သင်တန်းသူများအတွက် အားကစားအင်္ကျီများများနှင့် ဌာနစိတ်အလိုက်ဝန်ထမ်းများအား သက်သာပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ၂၀၂၅-၂၀၂၆ပညာသင်နှစ်တွင် ထူးချွန်အောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူ များအား ဂုဏ်ပြုချီးမြှင့်ရာ နိုင်ငံတကာပြိုင်ပွဲများတွင် ရွက်လှေအားကစားနည်းဖြင့် ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခုရရှိခဲ့သည့် မစစ်မေချစ်ပို ကိုဂုဏ်ပြုချီးမြှင့်ငွေကျပ်သုံးသိန်းငါးသောင်းအား လည်းကောင်း၊ ကြေးတံဆိပ်(၂)ခုရရှိခဲ့သည့် မောင်အောင်စစ်မောင်ကို ဂုဏ်ပြုချီးမြှင့်ငွေကျပ် နှစ်သိန်း အားလည်းကောင်း၊ ကြေးတံဆိပ်(၁)ခုရရှိခဲ့သည့် မောင်သွန်းပြည့်ဈာန်ကို ဂုဏ်ပြုချီးမြှင့်ငွေကျပ်တစ်သိန်းအားလည်းကောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် ပြေးခုန်ပစ်အားကစားနည်းမှ မောင်ထွန်းထွန်းလင်းကို ဂုဏ်ပြု ချီးမြှင့်ငွေကျပ် တစ်သိန်းငါးသောင်းအားလည်းကောင်း အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး က အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ထို့နောက် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြု ချီးမြှင့်ငွေများဆက်လက်ချီးမြှင့်ရာတိုက်ကွမ်ဒိုအားကစားနည်းမှ မောင်ဖြိုးသူရဦးကို ဂုဏ်ပြုချီးမြှင့်ငွေကျပ် တစ်သိန်းငါးသောင်းအား အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီး ဦးအောင်မျိုးဝင်းကလည်းကောင်း၊ ပြေးခုန်ပစ်အားကစားနည်းမှ မကျော့ကေခိုင်ကို ဂုဏ်ပြုချီးမြှင့်ငွေကျပ် တစ်သိန်းငါးသောင်းနှင့် ကျွမ်းဘားအားကစားနည်းမှ မကြယ်စင်သော်ကို ဂုဏ်ပြုချီးမြှင့်ငွေကျပ် တစ်သိန်းငါးသောင်းတို့အား အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီးဒေါ်ကေသီ ကလည်းကောင်း၊ဘောလုံးအားကစားနည်းမှမသဇင်အောင်ကို ဂုဏ်ပြုချီးမြှင့်ငွေကျပ် တစ်သိန်းငါးသောင်း အား အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ဝင်းက လည်းကောင်းအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။


