အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလား ရရှိခဲ့သည့် တောင်ကြီးခရိုင်အမျိုးသားအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

တောင်ကြီးမြို့၊ မေလ(၂၉)ရက်

၂၀၂၄ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမတံခွန်စိုက်ချန်ပီယံဆုဖလားရရှိခဲ့သော တောင်ကြီးခရိုင်အမျိုးသားအသင်းအား ဂုဏ်ပြုခြင်း နှင့် အားကစားသမားများ ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားကို (၂၉.၅.၂၀၂၄)ရက်နေ့ ညနေ (၁၅း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ ၊ ခရိုင်ထွေ/အုပ်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ၊ တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးတင့်လှိုင် ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုး ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ အုပ်ချုပ်သူ/နည်းပြများ ၊ အလှူရှင်များနှင့် ပြိုင်ပွဲဝင်ဆုရအားကစားသမားများမှ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် တောင်ကြီးခရိုင်ကိုယ်စားပြုဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ပြိုင်ဘက်အသင်းများကို ပြတ်ပြတ်သားသားအနိုင်ရရှိခဲ့ကာ ပထမတံခွန်စိုက်ဆုဖလားကြီးရရှိခဲ့တဲ့ တောင်ကြီးခရိုင်အမျိုးသားဘောလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားမှာ ယခုလိုအမှာစကားပြောကြားခွင့်ရတဲ့အတွက်များစွာ အားရဂုဏ်ယူမိပါကြောင်း ၊ ဒီနေ့ကျင်းပတဲ့ ပွဲဟာဆိုရင်ဂုဏ်ပြုထိုက်သူများကို ဂုဏ်ပြုချီးမြှင့်သည့်ပွဲဖြစ်တာနဲ့အညီ ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ ပွဲလေးပဲဖြစ်ပါကြောင်း ၊ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေဖို့ အောင်မြင်မှုတွေလက်ဝယ်ပိုင်ဆိုင်ရရှိစေဖို့အတွက် ခေတ်အဆက်ဆက် နိုင်ငံတော်အကြီးအကဲတွေကအားပေးချီးမြှောက်ခဲ့ပါကြောင်း ၊ နိုင်ငံတော်ကြီးဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်တဲ့နေရာမှာတစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ဖို့အတွက် အားကစားကဏ္ဍကိုလည်း နိုင်ငံတော်အကြီးအကဲများကိုယ်တိုင် အစဥ်တစ်စိုက်အားပေးကြည့်ရှုကြပါကြောင်း ၊ အလားတူရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရှမ်းပြည်နယ်အတွင်းအားကစားပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအားပေးချီးမြှင့်ဆောင်ရွက်ပေးနေတာကိုလည်း အားလုံးအသိဘဲဖြစ်ပါကြောင်း ၊ ဒီအခြေအနေတွေကို ကြည့်ခြင်းအားဖြင့် တောင်ကြီးခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးအသင်းဟာ ပြည်နယ်ဂုဏ်ကိုဆောင်နိုင်မည့် ပြည်နယ်လက်ရွေးစင်များစွာကို မွေးထုတ်ပေးနေတဲ့ ရှမ်းပြည်နယ်ဂုဏ်ဆောင် အားကစားနည်းတစ်ခုဖြစ်တာကို တွေ့ရှိရမှာဖြစ်ပါကြောင်း ၊ ဒီလိုအနေအထားများကို ဆက်လက်ထိန်းသိမ်းကြိုးစားသွားဖို့ကိုလည်း တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ၊ တောင်ကြီးခရိုင်ဘောလုံးဆပ်ကော်မတီဝင်များ နှင့် အားကစားသမားများအားလုံးကို အထူးမှာကြားလိုပါကြောင်း အစရှိသည်များကို ပြောကြားသွားပါသည်။

ဆက်လက်၍ တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ဂုဏ်ပြုအမှာစကားပြောကြားရာတွင် တောင်ကြီးခရိုင်အမျိုးသားဘောလုံးအသင်း စခန်းသွင်းလေ့ကျင့်မှုများ ၊ အုပ်စုအတွင်းအဆင့်ဆင့်ဖြတ်သန်းကစားခဲ့ကြပုံများ နှင့် ဗိုလ်လုပွဲတွင် တောင်ခရိုင်အသင်းမှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းတို့ရဲ့ အကြိတ်အနယ်ယှဥ်ပြိုင်ကစားကြပုံများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ၊ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနရဲ့ ကြိုးစားအားထုတ်မှုနဲ့ အားကစားပြိုင်ပွဲများ ဆုရရှိမှုအခြေအနေများကို ကြည့်ရမယ်ဆိုရင် ၂၀၂၂ ခုနှစ်အတွင်းမှာ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲမှာ ပထမတံခွန်စိုက်ဖလား ၊ အသက် (၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲမှာ ပထမတံခွန်စိုက်ဖလား ၊ အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲမှာ အမျိုးသား/အမျိုးသမီးပထမတံခွန်စိုက်ဖလားများ ၊ အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲမှာ တတိယဆုများကိုလည်းကောင်း ၊ ၂၀၂၃ ခုနှစ်အတွင်းမှာ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲမှာ ဒုတိယဆု ၊ အသက် (၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲမှာ ပထမတံခွန်စိုက်ဖလား ၊ အသက် (၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲမှာ ပထမတံခွန်စိုက်ဖလား ၊ အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲမှာ အမျိုးသား/အမျိုးသမီးပထမတံခွန်စိုက်ဖလားများ ၊ အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဖူဆယ်ပြိုင်ပွဲမှာ အမျိုးသားအသင်း ပထမတံခွန်စိုက်ဖလား နှင့် အမျိုးသမီးအသင်းက ဒုတိယဆုများကိုလည်းကောင်း ၊ ၂၀၂၄ ခုနှစ်အတွင်းမှာ ပထမဦးဆုံးပြိုင်ပွဲအဖြစ် ယခု အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲမှာ ပထမတံခွန်စိုက်ဖလားကို ရရှိခဲ့၍ တောင်ကြီးခရိုင်ရဲ့ ဂုဏ်ကိုဆောင်နိုင်ခဲ့တဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်းပြောကြားသွားခဲ့ကာ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုး နှင့် တောင်ကြီးခရိုင်အမျိုးသားဘောလုံးအသင်းအုပ်ချုပ်သူ ဦးမောင်မောင်ဝင်းတို့က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးတင့်လှိုင်ထံသို့ ပထမတံခွန်စိုက်ဆုဖလားကြီးအား အပ်နှံခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများကိုဆက်လက်ပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် က ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်(၁၀)သိန်း တိတိ/-အားဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရှိခဲ့ရပါသည်။

ဆက်လက်ပြီး တောင်ကြီးခရိုင်အမျိုးသားဘောလုံးအသင်းအုပ်ချုပ်သူက ကျေးဇူးတင်စကားပြောကြားရာ၌ ပြိုင်ပွဲတွင် ပွဲစဥ်များအလိုက် ဂုဏ်ပြုငွေများချီးမြှင့်ပေးပါသော အလှူရှင်များ ၊ ပြိုင်ပွဲဝင်ဝတ်စုံနှင့်စပို့ရှပ်အင်္ကျီများ လှူဒါန်းပေးပါသော အလှူရှင်များအားလုံးကို အသင်းအုပ်ချုပ်သူအနေဖြင့်များစွာကျေးဇူးတင်ရှိပါကြောင်း ပြိုင်ပွဲအတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားသွားခဲ့ပြီး ဂုဏ်ပြုလ္ဘက်ရည်အချိုပွဲများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိခဲ့ရပါသည်။