အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အရှေ့တောင်အာရှ ဂျူနီယာချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲတွင်အောင်ပွဲရ မြန်မာကြက်တောင်အားကစားအဖွဲ့အား သောင်းသောင်းဖြဖြကြိုဆို

ရန်ကုန်၊ မေ(၂၇)။

လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ မေ ၂၂ ရက်မှ ၂၆ ရက်ထိကျင်းပခဲ့‌သော အရှေ့ တောင်အာရှဂျူနီယာ ချန်ပီယံရှစ်ကြက်တောင်ပြိုင်ပွဲ ၂၀၂၄ (Badminton Asia South East Asia(Under 17 & Under 15) REGIONAL JUNIOR CHAMPIONSHIP 2024) တွင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မြန်မာကြက် တောင်အားကစားအဖွဲ့သည် ပြိုင်ပွဲများအပြီးတွင် ရွှေတံဆိပ်(၁၂)ခု၊ ငွေတံဆိပ်(၄)ခုနှင့်ကြေးတံဆိပ်(၁)ခု၊ စုစုပေါင်းဆုတံဆိပ်(၁၇)ခု၊ ဆွတ်ခူးကာ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာကြက်တောင်အားကစားသမားများသည် ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ အရှေ့တီမောနှင့် အိမ်ရှင်လာအိုနိုင်ငံတို့မှ ကြက်တောင်အားကစားသမားများနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ အသက် ၁၅ နှစ်အောက်နှင့် အသက် ၁၇ နှစ်အောက်ပြိုင်ပွဲတိုင်းတွင် ပြိုင်ဘက်များအားပွဲပြတ်များဖြင့် အနိုင်ရရှိခဲ့ပြီး နိုင်ငံအတွက်ဆုတံဆိပ်များကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲတွင် အသက် ၁၅ နှစ်အောက်အသင်းလိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ အသက် ၁၅ နှစ်အောက်ပြိုင်ပွဲများဖြစ်သည့် အမျိုးသား တစ်ဦးချင်းပြိုင်ပွဲတွင် အုပ်စိုးခန့်ကရွှေတစ်ခု၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ယွန်းသက်ထားမောင်က ရွှေတစ်ခု၊ သဒ္ဒါထက်ကျော်က ငွေတစ်ခု၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် အုပ်စိုးခန့်နှင့်မြင့်မြတ်လင်းတို့အတွဲက ရွှေတစ်ခု၊ အမျိုးသား၊အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် အုပ်စိုးခန့်နှင့်သဒ္ဒါထက်ကျော်တို့အတွဲက ရွှေတစ်ခု၊ မြင့်မြတ်လင်းနှင့်ယွန်းသက်ထားမောင်တို့အတွဲက ကြေးတစ်ခု၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် သဒ္ဒါထက်ကျော်နှင့် ယွန်းသက်ထားမောင် တို့အတွဲက ရွှေတစ်ခု အသီးသီးဆွတ်ခူးရရှိကြသည်။

ထို့အတူအသက် ၁၇ နှစ်အောင်အသင်းလိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ အသက် ၁၇ နှစ်အောက်ပြိုင်ပွဲများဖြစ်သည့် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ဟိန်းသီဟ အောင်ကငွေတစ်ခု၊ ဉာဏ်ရှိန်လင်းကရွှေတစ်ခု၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် လင်းလင်း ထက်ကရွှေတစ်ခု၊ ရှဲန်လမိန်းကငွေတစ်ခု၊ အမျိုးသား၊အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ဟိန်းသီဟအောင်နှင့်ရှဲန်လမိန်းတို့အတွဲက ရွှေတစ်ခု၊ ဉာဏ်ရှိန်လင်းနှင့်လင်းလင်းထက်တို့အတွဲက ငွေတစ်ခု၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ဟိန်းသီဟအောင်နှင့်ဉာဏ်ရှိန်လင်းတို့အတွဲက ရွှေတစ်ခု၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် လင်းလင်းထက်နှင့်ရှဲန်လမိန်းတို့အတွဲက ရွှေတစ်ခု ဆွတ်ခူးရရှိခဲ့သည်။

မြန်မာကြက်တောင်အားကစားအဖွဲ့အနေဖြင့် ကြက်တောင်ကစားသမားရှစ်ဦးဖြင့် ပြိုင်ပွဲဝင်ခဲ့ကာ ဆုတံဆိပ်များကိုဆွတ်ခူးရယူခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်ကမ္ဘောဒီးယားနိုင်ငံတွင်ပြုလုပ်သည့်ပြိုင်ပွဲ တွင် ရွှေတံဆိပ် ၁၁ ခုဆွတ်ခူးရရှိခဲ့ပြီး ယခုနှစ်ပြိုင်ပွဲတွင် ယခင်နှစ်အောင်မြင်မှုထက် ပိုမိုဆောင်ရွက်နိုင် ခဲ့ကြောင်းသိရသည်။

အောင်ပွဲရ မြန်မာကြက်တောင်အားကစားအဖွဲ့သည် အုပ်ချုပ်သူဦးအောင်ခိုင်ထွေး၊ နည်းပြဒေါ်တွယ်တာဦး ၊အားကစားသမားရှစ်ဦးတို့သည် ယနေ့ ည‌နေ ၆ နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာ‌လေဆိပ်သို့ပြန်လည်‌ရောက်ရှိလာကြရာ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ပိုင်၊ဒုတိယဥက္ကဌများနှင့်အမှု‌ဆောင်များ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ ဒုတိယကျောင်းအုပ်ကြီးများနှင့်‌ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) မှ ‌ကျောင်းသား /‌ကျောင်းသူများ၊ မိဘဆွေမျိုးများ၊ ပြည်သူများက‌ သောင်းသောင်းဖြဖြကြိုဆိုကြသည်။

မြန်မာကြက်‌တောင်အားကစားသမားများသည်အသက်၁၅နှစ်အောက်ပြိုင်ပွဲတွင်‌ရွှေခြောက်ခု၊‌ ငွေတစ်ခု၊‌ ကြေးတစ်ခု၊အသက် ၁၇ နှစ်ပြိုင်ပွဲတွင်‌ရွှေခြောက်ခု၊‌ ငွေသုံးခု၊ စုစု‌ပေါင်း ဆုတံဆိပ် ၁၇ ခု ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။ အရှေ့တောင်အာရှဂျူနီယာချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲတွင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ အရှေ့တီမောနိုင်ငံတို့ပါ၀င်ကာအားကစားသမား ၅၀ ခန့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိခဲ့သည်။