အမျိုးသားနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး ကာယဗလနှင့်ကာယကြံ့ခိုင်မှုဆပ်ကော်မတီက ကြီးမှုးကျင်းပသော အမျိုးသားနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပသည်။
ဦးစွာ နံနက်ပိုင်း၌ အမျိုးသား အသက်(၂၁)နှစ်နှင့်အောက် အငယ်တန်းကာယဗလမောင်ပြိုင်ပွဲ၊ အမျိုးသားကာယဗလမောင် ၆၀၊ ၇၀၊ ၇၀ နှင့်အထက် ကီလိုတန်းများ၊ အမျိုးသား Sports Physique ၊ အမျိုးသား Athletic Physique ၊ အမျိုးသမီး Athletic Physique ၊ အမျိုးသမီး Model Physique ပြိုင်ပွဲများ ယှဉ်ပြိုင်ကြပြီး ပဏာမရွေးချယ်ကြသည်။
ထို့နောက် ညနေပိုင်းတွင် ရွေးချယ်ခံရသော ကာယဗလမောင်များနှင့် ကာယအလှမယ်များက သတ်မှတ်ကိုယ်ဟန်များ ပြသယှဉ်ပြိုင်ကြရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး ကာယဗလနှင့်ကာယကြံ့ခိုင်မှု ဆပ်ကော်မတီဥက္ကဌ၊ ဒုတိယဥက္ကဌများနှင့် အမှုဆောင်များ၊ ဖိတ်ကြားထားသူများ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
၎င်းနောက် ဗိုလ်လုပွဲ ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲ အမျိုးအစားအလိုက် ဆုရရှိကြသော ကာယဗလမောင်များနှင့် ကာယအလှမယ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး ကာယဗလနှင့် ကာယကြံ့ခိုင်မှု ဆပ်ကော်မတီ ဥက္ကဌနှင့် တာဝန်ရှိသူများက ဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အမျိုးသား အလွတ်တန်းချန်ပီယံတို့၏ ချန်ပီယံပြိုင်ပွဲကို ယှဉ်ပြိုင်ပြီး ဆုရရှိသူများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ယင်းနောက် ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းလှူဒါန်းကြသော အလှူရှင်များအား တိုင်းဒေသကြီး ကာယဗလနှင့် ကာယကြံ့ခိုင်မှု ဆပ်ကော်မတီဥက္ကဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်မှတ်များ ပေးအပ်သည်။