အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ကျင်းပ

ရန်ကုန်၊ ဇွန်လ(၂၁)ရက်။

၁၈၉၄ခုနှစ် ၊ ဇွန်လ (၁၆)ရက်နေ့ မှ (၂၃)ရက်နေ့အထိ ပြင်သစ်နိုင်ငံ ၊ ပဲရစ်မြို့ ၊ SORBONNEတက္ကသိုလ်၌ ကျင်းပခဲ့သော အပျော်တမ်းဆိုင်ရာ အားကစားလေ့လာချက် ကွန်ဂရက်၏ ဆုံးဖြတ်ချက်အရ ၁၈၉၄ ခုနှစ် ၊ ဇွန်လ (၂၃)ရက် နေ့တွင် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) ကို ဖွဲ့စည်းနိုင်ခဲ့ပြီး အဆိုပါ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ စတင် ဖွဲ့စည်းသည့် ဇွန်လ (၂၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ဟု သတ်မှတ်၍ နှစ်စဉ် ကမ္ဘာတစ်ဝန်းတွင်းရှိသည့် အမျိုးသားအိုလံပစ်ကော်မတီ (National Olympic Committee )များက ဦးစီးပြီး အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် အားကစားလှုပ်ရှားမှုများကို ကျင်းပကြသည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် အိုလံပစ်‌နေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ယနေ့ နံနက်ပိုင်းကမြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအားကစားအဖွဲ့ချုပ်မှ ပြိုင်ပွဲကို ရန်ကုန်မြို့ ၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိ ဘိလိယက်နှင့်စနူကာအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် ဥက္ကဌ ဦးအောင်ခန့်ကျော် ၊ ဒုတိယဥက္ကဌနှင့် အမှုဆောင်များ တက်ရောက်ခဲ့ပါသည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် ဘိလိယက်နှင့်စနူကာ အားကစားပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုတို့ကို ကြည့်ရှုအားပေးပြီးနောက် ဆုရရှိသူများအား အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ မြန်မာနိုင်ငံဘိလိယက် နှင့် စနူကာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ခန့်ကျော် ၊ ဒုတိယဥက္ကဋ္ဌနှင့်တာဝန်ရှိသူတို့က ဂုဏ်ပြုချီးမြှင့်ငွေနှင့် Trophy တို့အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။