![]()
အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် စားပွဲတင်တင်းနစ် ပြိုင်ပွဲကျင်းပ
ရန်ကုန် ၊ ဇွန် ၂၀
၂၀၂၆ ခုနှစ် ၊ အားကစားရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် စားပွဲတင် တင်းနစ်ပြိုင်ပွဲကို ရန်ကုန်မြို့ ၊ ဒဂုံမြို့နယ် ၊ ဦးဝိစာရလမ်း ၊ အမျိုးသားရေကူးကန်ဝင်းရှိ မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ် ၌ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဌဦးကျော်ကျော် နှင့် အလုပ်အမှုဆောင်များ ၊ Member များ ၊ ဒိုင်အဖွဲ့ဝင်များ ၊ ကျင်းပရေးဦးစီးကော်မတီများမှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် ပြိုင်ပွဲဝင် အားကစားသမားများတက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ် ဥက္ကဌဦးကျော်ကျော်ကအဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် အသက် ( ၁၂ )နှစ်အောက် တစ်ဦးချင်း အမျိုးသား/အမျိုးသမီးပြိုင်ပွဲ ၊ အသက် ( ၇၀ ) နှစ် အထက် တစ်ဦးချင်း အမျိုးသား / အမျိုးသမီး သို့မဟုတ် မသန်စွမ်းသူ အားကစားသမားများ ၊ အသင်းလိုက် အမျိုးသား/အမျိုးသမီး ပြိုင်ပွဲနှင့် အမျိုးသား/အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲများ ၊ စုစုပေါင်း ပြိုင်ပွဲအသင်းဝင် ၃၂သင်း ၊ ကစားသမား ၁၆၀ကျော် ပါဝင်ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပြီး ဆုပေးပွဲအခမ်းအနားကို ဇွန်လ ၂၁ရက်နေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။


