အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန် ၊ ဩဂုတ် ၁၉ရက်

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား အသက်(၂၀)နှစ်နှင့်အောက် အမျိုးသား/အမျိုးသမီး တံခွန်စိုက်ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားပြိုင်ဝင်း မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်သည်။

ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ မြန်မာဘော်လီဘောလူမှုရေးအသင်းဥက္ကဌ၊ ဒုတိယဥက္ကဌများနှင့် အမှုဆောင်များ၊ ဖိတ်ကြားထားသူများနှင့် အားကစားသမားများတက်ရောက်ကြသည်။

ရှေးဦးစွာ ဗိုလ်လုပွဲစဉ်များဖြစ်သည့် အမျိုသမီးပြိုင်ပွဲတွင် Youth Camp(NPT) အသင်းနှင့် ရန်ကုန်လူငယ်အသင်းတို့ ယှဉ်ပြိုင်ကြရာ Youth Camp(NPT) အသင်းကအနိင်ရရှိ၍လည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် မန္တလေးအသင်းနှင့် ရှမ်းလူငယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မန္တလေးအသင်းကအနိုင် ရရှိခဲ့ကြပြီး ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပွဲစဉ်တစ်လျှောက်အမျိုးသမီးအကောင်းဆုံးအားကစားသမားဆုရ ကျောနံပါတ် (၄) ယုနန္ဒာ Youth Camp (NPT)၊ ပွဲစဉ်တစ်လျှောက်အမျိုးသားအကောင်းဆုံးအားကစားသမားဆုရ ကျောနံပါတ် (၁၀) တင်ထူးပိုင် (မန္တလေး)၊ စတုတ္ထဆုရ အား/ကာသိပ္ပံ (ရန်ကုန်) အမျိုးသားအသင်းနှင့် ဧရာဝတီ အမျိုးသမီးအသင်း၊ တတိယဆုရ Youth Camp (NPT)အမျိုးသားအသင်းနှင့် အား/ကာသိပ္ပံ (မန္တလေး)အမျိုးသမီးအသင်း၊ ဒုတိယဆုရ ရှမ်းလူငယ်အမျိုးသားအသင်းနှင့် ရန်ကုန်လူငယ်အမျိုးသမီးအသင်း၊ ပထမဆုရ မန္တလေးအမျိုးသားအသင်းနှင့် Youth Camp (NPT) အမျိုးသမီးအသင်းတို့အား ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာဘော်လီ ဘောလူမှုရေးအသင်း ဥက္ကဌ၊ ဒုတိယဥက္ကဌများနှင့် တာဝန်ရှိသူတို့က ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းက ပထမဆုရရှိသည့် မန္တ‌လေးအမျိုးသားအသင်းအား တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြုဆုငွေနှင့် တံခွန်စိုက်ဆုကိုပေးအပ်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကြသည်။

အဆိုပါဘော်လီဘောပြိုင်ပွဲအား သြဂုတ် ၁၀ ရက်နေ့မှစတင်ကာ အမျိုးသားအသင်း ၁၄ သင်း နှင့် အမျိုးသမီးအသင်း ၇ သင်းမှ ကစားသမား ၂၅၀ ကျော်တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသားပြိုင်ပွဲတွင် ပထမဆု ငွေကျပ်သိန်း ၁၀၀၊ ဒုတိယဆု ငွေကျပ်သိန်း ၅၀၊ တတိယဆု ငွေကျပ် ၂၅ သိန်း၊ စတုတ္ထဆု ငွေကျပ် ၁၅ သိန်း၊ အကောင်းဆုံးအမျိုးသားဆု ငွေကျပ် ၁၀ သိန်း၊ အမျိုးသမီးပြိုင်ပွဲတွင်ပထမဆု ငွေကျပ်သိန်း ၆၀၊ ဒုတိယဆုငွေကျပ်သိန်း ၃၀ ၊ တတိယဆုငွေကျပ် ၁၅ သိန်း၊ စတုတ္ထဆုငွေကျပ် ၁၀ သိန်း နှင့်အကောင်းဆုံး အမျိုးသမီးဆု ငွေကျပ် ၅သိန်းချီးမြှင့်ခဲ့ကြောင်း သိရသည်။