အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်မသန်စွမ်းသူများအားကစားပြိုင်ပွဲများကျင်းပ
ရန်ကုန်၊ ဒီဇင်ဘာလ(၂)ရက်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာ(၃)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့မှ ကြီးမှုးကျင်းပသောအပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်မသန်စွမ်းသူများ အားကစားပြိုင်ပွဲများကို ယနေ့နံနက်က မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် လေ့ကျင့်ရေး စခန်း၌ကျင်းပသည်။
အဆိုပါမသန်စွမ်းအားကစားပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ကျောင်းသား၊ ကျောင်းသူများ ကြည့်ရှုအားပေးကြသည်။
ပြိုင်ပွဲများအပြီး ပြေးခုန်ပစ်၊ စစ်တုရင်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိကြသော မသန်စွမ်းအားကစားသမားများအားတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ငွေသားဆုများပေးအပ်ချီးမြှင့်ကြသည်။
ယင်းပြိုင်ပွဲသို့ ကြည်မြင်တိုင်မျက်မမြင်ကျောင်း၊ ခဝဲခြံမျက်မမြင်ကျောင်း၊ မြို့နယ်များမှ မသန်စွမ်းအားကစားသမားများစုစုပေါင်း ၁၀၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။




