အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အဌမအကြိမ် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း၏ အသင်းဝင်များစုံညီတွေ့ဆုံပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ၊ ဖေဖော်ဝါရီလ (၂)ရက်

အဌမအကြိမ် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း၏ အသင်းဝင်များစုံညီ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ၊ လူမှုရေးရာဝန်ကြီးဦးဌေးအောင် နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ ၊ အားကစားနှင့်ကာယပညာ (သိပ္ပံ)ရန်ကုန် ကျောင်းအုပ်ကြီး ၊ ညွှန်ကြားရေးမှူးဦးထွန်းထွန်းဦး ၊ရန်ကုန်‌တိုင်း‌ ဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်မင်းသန်း နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးများ ၊ မြန်မာ့အားကစား လက်ရွေးစင် ဟောင်းများအသင်း ဥက္ကဌ ၊ မြန်မာ့ဘောလုံးလက်‌ရွေးစင်ဟောင်း ဝဏ္ဏ‌ကျော်ထင် ဦးအေးမောင်ကြီး ၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးနှင့် အမှုဆောင်များ၊ မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အလှူရှင်များတက်ရောက်ကြပါသည်။

ရှေးဦးစွာ နိုင်ငံတော်သီချင်းနှင့်အတူ နိုင်ငံတော်အလံအား အလေးပြု၍ မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအဖွဲ့က ပွဲတိုင်းကျော် သီချင်းဖြင့် သံပြိုင်သီဆိုကြ၍ အခမ်းအနားကို စတင် ခဲ့ပါသည်။

အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က အဖွင့်အမှာစကားပြောကြား၍ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းဥက္ကဌ ၊ မြန်မာ့‌ဘောလုံးလက်‌ရွေး‌စင်ဟောင်းဝဏ္ဏ‌ကျော်ထင် ဦးအေးမောင်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး‌နောက် မြန်မာ့အားကစားလက်ရွေးစင်ဟောင်း များအသင်း နာယက မြန်မာ့ရေကူးလက်ရွေးစင်ဟောင်း ဝဏ္ဏကျော်ထင် ဒေါက်တာနန္ဒကျော်စွာက ဩဝါဒစကားမြွက်ကြားခဲ့ ပါသည်။

ထို့နောက် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းသို့ အလှူငွေများပေးအပ် လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်းငွေ ကျပ် သိန်း(၁၀၀) ၊ အားကစားနှင့်လူငယ်‌ရေးရာဝန်ကြီးဌာန မှ အလှူငွေကျပ် (၁၀)သိန်း ၊ Track Suit (၂၅)စုံ နှင့် Spot Shirt (၂၅၀)ထည် ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်အသီးသီးမှလှူဒါန်းငွေများ ၊ မြန်မာ့လက်ရွေးစင်ဟောင်းများ နှင့် လက်ရွေးစင်အားကစားသမားများ ၊ MNL ဘောလုံးအသင်းများ မှ လှူဒါန်းငွေများ ၊ စုစုပေါင်း ငွေကျပ် သိန်း (၄၈၀)ခန့် ပေးအပ်လှူဒါန်းရာ မြန်မာ့အားကစားလက်‌ရွေးစင်ဟောင်းများအသင်းဥက္ကဌ ၊ မြန်မာ့ဘောလုံး လက်ရွေးစင်ဟောင်း ဝဏ္ဏကျော်ထင်ဦးအေးမောင်ကြီး နှင့် ဒုတိယဥက္ကဌများက လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း အတွင်းရေးမှူး မြန်မာ့ဝူရှူး လက်ရွေးစင်ဟောင်း ဦးဇော်ဇော်မိုးက အသင်းကြီး၏ ဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းနာယက ဦးအုန်းရှိန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးနောက် အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသိရှိရသည်။