အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဝူရှူးဒိုင်လူကြီးနှင့်နည်းပြသင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဆင်းပွဲကျင်းပ

ရန်ကုန်၊ ဖေဖေါ်ဝါရီလ(၁)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိင်ငံဝူရှူးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဝူရှူးဒိုင်လူကြီးနှင့်နည်းပြသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ ရုံးဟောင်း၌ကျင်းပခဲ့သည်။

အခမ်းအနားသို့ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ ဒုတိယ‌ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ ဒိုင်/နည်းပြဆရာများ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးက သင်တန်းဆင်းအမှာစကားပြောကြားပြီး ဆန်းဆိုအားကစားနည်းမှ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်၍လည်း‌ကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက ထောက်လုအားကစားနည်းမှ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းဆင်းလက်မှတ်များအားပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်ဥက္ကဌကိုယ်စား မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်ဆွေဆွေသန့်မှ ညွှန်ကြား‌ရေးမှူးတို့အား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့သည်။

အဆိုပါသင်တန်းကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ သင်တန်းသား(၁၉)ဦး၊ သင်တန်းသူ(၅)ဦး စုစုပေါင်း(၂၄)ဦး၊ တက်ရောက်၍ သင်တန်းဆင်းပွဲအား (၂၉.၁.၂၀၂၄)မှ(၁.၂.၂၀၂၄)ရက်နေ့အထိ အောင်မြင်စွာဖွင့်လှစ်သင်ကြားပေးနိင်ခဲ့ကြောင်း သိရှိရသည်။