အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်ရရှိခဲ့သောမြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းမှအသင်းဝင်များအား အသင်းကြီးမှ ဂုဏ်ပြုမှတ်တမ်းတင်ခြင်းအခမ်းအနားကျင်းပ

ရန်ကုန် ၊ စက်တင်ဘာ ၁၅ ရက်။

ပြည်ထောင်စုသမ္မတနိုင်ငံတော်အစိုးရကချီးမြှင့်သည့် ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်ရရှိခဲ့သောမြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းမှ အသင်းဝင်များအား အသင်းကြီးမှဂုဏ်ပြုမှတ်တမ်းတင်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ် ၊ ကျိုက္ကဆံအားကစားကွင်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းရုံးတွင်ကျင်းပခဲ့ရာ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းမှနာယကများ ၊ ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌများ ၊အတွင်း‌ရေးမှူးနှင့်အလုပ်အမှုဆောင်များတက်ရောက်ကြသည်။

ဦးစွာ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းဥက္ကဋ္ဌဦးစိုးသိန်းက ဂုဏ်ပြုပွဲပြုလုပ်ရခြင်းအကြောင်းရှင်းလင်းပြောကြားခဲ့ပြီး ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်ရရှိခဲ့သောဝဏ္ဏကျော်ထင်ဒေါက်တာနန္ဒကျော်စွာ ၊ ဝဏ္ဏကျော်ထင်ဒေါက်တာမြလေးစိန် ၊ ဝဏ္ဏကျော်ထင်ဦးတင်အောင် ၊ ဝဏ္ဏကျော်ထင်ဦး‌အေးမောင်ကြီး ၊ ဝဏ္ဏကျော်ထင်ဒေါ်ဂျနီဖာတင်လေး ၊ ဝဏ္ဏကျော်ထင်ဒေါ်သန်းသန်း ၊ ဝဏ္ဏကျော်ထင်‌ဒေါ်မာမာမင်း ၊ ဝဏ္ဏကျော်ထင်‌ဒေါ်ခိုင်ခိုင်မော် ၊ ဝဏ္ဏကျော်ထင်ဦးမြင့်အောင်တို့အား ဂုဏ်ပြုဆုချီးမြှင့်ခဲ့သည်။ ဝဏ္ဏကျော်ထင်ဒေါက်တာနန္ဒကျော်စွာနှင့်ဝဏ္ဏကျော်ထင်ဒေါက်တာမြလေးစိန်တို့သည် နယ်ဘက်ဆိုင်ရာအမှုထမ်းဆောင်ခြင်းအတွက်ရရှိခဲ့ပြီး ကျန်ပုဂ္ဂိုလ်များသည် အားကစားထူးချွန်မှုအတွက် ရရှိခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းနာယကဝဏ္ဏ‌ကျော်ထင်ဦးနန္ဒကျော်စွာနှင့်ဝဏ္ဏ‌ကျော်ထင်ဦးတင်အောင်တို့က ကျေးဇူးတင်နှုတ်ဆက်စကားပြောကြားခဲ့ပြီးအတွင်း‌ရေးမှူးကဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များတင်ပြ၍အလုပ်အမှုဆောင်များက ဆပ်ကော်မတီများအလိုက်‌ ဆောင်ရွက်ထားရှိမှုများတင်ပြကြပြီး နေ့လယ်စာဖြင့်တည်ခင်းဧည့်ခံခဲ့ကြောင်းသိရှိရသည်။