အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရှမ်းပြည်နယ်ဝန်ကြီးချုပ် အလွတ်တန်းဖိတ်ခေါ်စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်အားပေး

တောင်ကြီး၊ အောက်တိုဘာ ၂၁။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ရှမ်းပြည်နယ်စားပွဲတင်တင်းနစ်ဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် အလွတ်တန်းဖိတ်ခေါ်စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက ရှမ်းပြည်နယ်လေ့ကျင့်ရေးအားကစားရုံတွင် ကျင်းပသည်

အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်အားပေးကြည့်ရှုခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗိုလ်လုပွဲအဖြစ် ဗထူးစားပွဲတင်တင်းနစ်ကလပ် (၁) အသင်းနှင့် ဗထူးစားပွဲတင်တင်းနစ်ကလပ် (၃) အသင်းတို့၏ယှဉ်ပြိုင်နေမှုများကို  ကြည့်ရှုအားပေးသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က ဒိုင်အဖွဲ့ဝင်များအတွက် ဂုဏ်ပြုဆုကိုလည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က ပူးတွဲတတိယရရှိသည့် တောင်ကြီး (၁) အသင်းအားလည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီးစိန်ဝင်းက တောင်ကြီး (၃) အသင်းအားလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်က ဒုတိယဆုရရှိသည့် ဗထူးစားပွဲတင်တင်းနစ်ကလပ် (၃) အသင်းအားလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုနှင့်တံခွန်စိုက်ဆုဖလားရရှိသည့် ဗထူးစားပွဲတင်တင်းနစ်ကလပ် (၁) အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြသည်။

အဆိုပါအားကစားပြိုင်ပွဲကို အောက်တိုဘာလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပြီး အသင်းပေါင်း ၂၇ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။