အားကစားရေးရာဝန်ကြီးဌာန

Loading

ရွှေညောင်ဖူဆယ်အားကစားရုံဖွင့်ပွဲ နှင့် SHAN FUTSAL LEAGUE 2026 ဖွင့်ပွဲ အခမ်းအနားကျင်းပ

ရွှေညောင်ဖူဆယ်အားကစားရုံ၊ တောင်ကြီးမြို့ ၊ သြဂုတ်လ ၁၅ ရက်

အားကစားရေးရာဝန်ကြီးဌာန၏ မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားစေရေးအတွက် ရည်မှန်းချက် / မျှော်မှန်းချက်များအတိုင်း လမ်းညွှန်ချက်များကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ပြည်နယ်ဖူဆယ်အားကစားအဆင့်အတန်းပိုမိုတိုးတက်လာစေရေးအတွက် ရွှေညောင်ဖူဆယ်အားကစားရုံဖွင့်ပွဲ နှင့် SHAN FUTSAL LEAGUE 2026 ဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁၄း၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း ၊ ပြည်နယ်စီမံကိန်း ၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်း ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ ၊ ပြည်နယ်လျှပ်စစ် ၊ စွမ်းအင် ၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူး ၊ ပြည်နယ်စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ ၊ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုင်းဝမ်းလှိုင်းတစ်ပ် ၊တိုင်းရင်းသားရေးရာဝန်ကြီးများ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ ပြည်နယ်လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဒေါ်နှင်းစန္ဒာဦး ၊ ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးစိုးလင်း နှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ပြည်နယ်ဖူဆယ်ဆပ်ကော်မတီဝင်များ ၊ ကျောင်းသား / ကျောင်းသူများ ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ပထမဦးစွာ ပြိုင်ပွဲဝင်အသင်းများမှအားကစားသမားများက အားကစားရုံအတွင်း၌နေရာယူခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်အား စစ်ကြောင်းမှူးမှ ဦးဆောင်၍ အလေးပြုတန်းအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့် အမှာစကားပြောကြားရာတွင် တောင်ကြီးမြို့နယ် ၊ ရွှေညောင်မြို့ ၊ ဖူဆယ် အားကစားရုံဖွင့်ပွဲနှင့်အတူ SHAN FUTSAL LEAGUE 2026 ကလပ်ပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း ဖူဆယ် အားကစားနည်းကို ယခုထက်ပိုမိုကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်စား လာစေရန် ၊ ထူးချွန်ထက်မြက်သည့် လူငယ်ဖူဆယ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရန် ၊ ဖူဆယ်အားကစားနည်း အပေါ် မျိုးဆက်သစ်လူငယ်များ ပိုမိုစိတ်ဝင်စားလာစေရန် ၊ ပြည်နယ်အတွင်း ဖူဆယ်အားကစားနည်း ပြန့်ပွားလာစေရန် ၊ မြန်မာ့ဖူဆယ်အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေး အထောက်အကူပြုရန် ၊ အားကစားသမားများ အချင်းချင်း စည်းလုံးညီညွှတ်မှု ပိုမိုရရှိလာစေရန်စတဲ့ ရည်ရွယ်ချက်များနဲ့ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း ၊ ဒီပြိုင်ပွဲကနေပြီးတော့ အလားအလာရှိတဲ့ ကစားသမား များ ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံဖူဆယ်ပြိုင်ပွဲက ရရှိမယ့်ကစားသမားများကို စိစစ်ရွေးချယ်ပြီးလာမည့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဖူဆယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါကြောင်း ၊ ဖူဆယ်အားကစားနည်းဟာ အခြားအားကစားနည်းတွေလို ကိုယ်ခန္ဓာကြီးထွားမှုနှင့် အရပ်အမောင်းမြင့်မားမှု တို့က အဓိကမကျဘဲ သွက်လက် ဖျတ်လတ်မှု၊ ခံနိုင်ရည်နှင့် သက်လုံ ကောင်းမွန်မှု ၊ နည်းစနစ် ကိုအခြေခံပြီး တစ်ဦးချင်းကျွမ်းကျင်မှု ၊ လျင်မြန်ဖျတ်လတ်မှု၊ ကြံ့ခိုင်မှုတို့ကိုပါ ပြည့်ဝဖို့လိုအပ်တဲ့အပြင် အသင်းလိုက် အပေးအယူမျှမျှနှင့် ကစားရတဲ့ အားကစားနည်း ဖြစ်ပါကြောင်း ၊ ရှမ်းပြည်နယ် ဖူဆယ်အသင်းအနေနဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်ဖူဆယ်ပြိုင်ပွဲများကို နှစ်စဉ်ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိခဲ့ရာ ရှမ်းပြည်နယ်ဖူဆယ်အသင်းအောင်မြင်မှုအနေနဲ့ ၂၀၁၇ခုနှစ် ၊ တိုင်းဒေကြီးနှင့် ပြည်နယ် အမျိုးသားဖူဆယ်ပြိုင်ပွဲမှာ အမျိုးသား အသင်းက ဒုတိယ၊ ၂၀၂၃ ခုနှစ်မှာ အသက် (၂၅) နှစ်အောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဖူဆယ်ပြိုင်ပွဲတွင် အမျိုးသမီးအသင်းက ပထမနှင့် အမျိုးသားအသင်းက ဒုတိယ ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ၊ ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော်မှာ ရှမ်းပြည်နယ် ဖူဆယ် အမျိုးသားအသင်းဟာဆိုရင် တံခွန်စိုက်ဆုဖလားကြီးကို ထိုက်ထိုက် တန်တန်ဆွတ်ခူးရရှိခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်မှာလည်း ရှမ်းပြည်နယ် က အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ် ဖူဆယ်ပြိုင်ပွဲမှာလည်း ပထမဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါ တယ်။ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ဖို့အတွက် ကျန်းမာရေး နှင့် အားကစား ကဏ္ဍဟာ ဒွန်တွဲနေပါကြောင်း ၊ အားကစားလှုပ်ရှား ဆောင်ရွက်မှုကနေ စိတ်ဓါတ်ခိုင်မာမှု ၊ စည်းကမ်းရှိမှု နှင့် အချင်းချင်းချစ်ကြည်ရင်းနှီးမှုစတဲ့ တန်ဖိုးများ ရရှိမှာဖြစ်ပါတယ်။ ဖူဆယ်အားကစားနည်းကို မြန်မာနိုင်ငံမှာ ၂၀၀၅-၂၀၀၆ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူး၍ ဖူဆယ်အလွတ်တန်း ပြိုင်ပွဲဆိုပြီး စတင်ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ဖူဆယ်အားကစားနည်းကို ဘောလုံးအားကစားနည်းနဲ့ နှိုင်းယှဉ်ပါက အနှစ်သာရပိုင်းနှင့် ရည်မှန်းချက် တူညီသလိုရှိပေမယ့် ကွဲပြားမှုများလည်း ရှိကြပါတယ်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အောက်မှာ ဖူဆယ်နှင့်သဲသောင်ပြင်ဆပ်ကော်မတီကို သီးခြားခွဲထုတ် ဖွဲ့စည်းခဲ့ပြီး ဖူဆယ်အားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မား လာစေဖို့ အဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် အားကစားသမားများ၏ ကြိုးစားမှုကြောင့် အရှေ့တောင်အာရှအဆင့် ၊ အာရှအဆင့် ပြိုင်ပွဲများတွင် အောင်မြင်မှုများ ရရှိနေတာကိုတွေ့ရှိရပါကြောင်း ၊ ယခုလို League ပြိုင်ပွဲများကနေ နိုင်ငံကိုယ်စားပြု လက်ရွေးစင် ကစားသမားများပေါ်ထွက်လာစေရုံသာမက ရှမ်းပြည်နယ် အတွက် ဆုတံဆိပ်များစွာ ဆွတ်ခူးပေးနိုင်မည့် ထူးချွန်ထက်မြက်တဲ့ ကစားသမားများ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ နိုင်ငံတော်မှ အားထားရတဲ့ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေဖို့အတွက် အခုလို‌ဖူဆယ် အားကစားရုံကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ကနေ ရွှေညောင်မြို့တွင် တည်ဆောက်ပေးရခြင်း ဖြစ်ပါကြောင်း ၊ အားကစားရုံဆိုတာ လူငယ် ၊ လူကြီးမရွေး လေ့ကျင့် သင်ကြားနိုင်မယ့် လူမှုအသိုင်းအဝိုင်းတစ်ခုလုံး တိုးတက် ပြောင်းလဲစေနိုင်မယ့် အရေးကြီးတဲ့နေရာတစ်ခုလည်း ဖြစ်ပါကြောင်း ၊ ဒါ့အပြင် လူငယ်တွေအတွက် အိမ်မက်တွေဖော်ဆောင်နိုင်မယ့် နေရာ ၊ တိုးတက်မှုအတွက် ၊ ပြိုင်ဆိုင်မူအတွက် အခြေခံကျတဲ့နေရာ ၊ ကျန်းမာရေး မြင့်မားစေမယ့်ပူးပေါင်းဆောင်ရွက်ရာနေရာ ဖြစ်လာ လိမ့်မယ်လို့ ယုံကြည်ပါကြောင်း ၊ ပြည်နယ်အစိုးအနေနဲ့ တည်ဆောက်ပေးခဲ့တဲ့ လက်ရှိဖူဆယ်အားကစားရုံသစ်ကြီး ရေရှည်တည်တံ့ခိုင်မြဲ ရေး ၊ သန့်ရှင်းသာယာလှပစေရေးအတွက် ဒေသခံအုပ်ချုပ်ရေးအဖွဲ့ ဝင်များ ၊ အားကစားသမားများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက မိမိကိုယ်ပိုင်ပစ္စည်းကဲ့သို့ ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းပေးကြဖို့ လိုအပ်မှာဖြစ်ကြောင်း ပြောကြားလိုပါကြောင်း ၊ ဒါမှသာယခု အားကစားရုံကြီးမှာ ဖူဆယ် League ပြိုင်ပွဲတွေနဲ့ အခြား အားကစားပြိုင်ပွဲတွေကို စိတ်အေးချမ်းသာစွာနဲ့လုံခြုံစွာ ကျင်းပ ပြုလုပ်ပေးနိုင်မှာဖြစ်ပါကြောင်း ၊ အခုလို ဖူဆယ်အားကစားနည်း ဖွံ့ဖြိုးရေးအတွက် ဖူဆယ် League ပြိုင်ပွဲများ ကျင်းပနိုင်အောင် အဘက်ဘက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြတဲ့ ဖူဆယ်ဆပ်ကော်မတီမှတာဝန်ရှိသူများ ၊ ရွှေညောင်မြို့မှ မြို့မိမြို့ဖများ၊ ပြိုင်ပွဲမှာလာရောက် တာဝန် ထမ်းဆောင်ပေးကြတဲ့ ဒိုင်လူကြီးများအားလုံးကိုလည်း ကျေးဇူး တင်ရှိပါကြောင်း ပြောကြားလိုပါကြောင်း

အစရှိသည်များကို ပြောကြားသွားကာ ဆက်လက်ပြီးပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာအဓိဌာန်(၄)ချက်ကို သံပြိုင်ရွတ်ဆိုခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ပြီး အ.ထ.က(၃)ဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကာ အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ပါသည်။

ယနေ့ပြိုင်ပွဲအဖွင့်ပွဲ ပွဲစဥ်များအဖြစ် ပထမနေ့ပွဲစဥ်များ ယှဥ်ပြိုင်ကစားနေမှုများကို ကြည့်ရှု့အားပေးခဲ့ကြောင်း သိရှိခဲ့ရပြီး အဆိုပါ ပြိုင်ပွဲများကို (၁၅.၈.၂၀၂၆)ရက်နေ့မှ (၁၅.၁၂.၂၀၂၆)ရက်နေ့ထိ ပြိုင်ပွဲဝင်အသင်းပေါင်း (၁၀)သင်း နှင့် ပြိုင်ပွဲဝင်အားကစားသမားစုစုပေါင်း(၂၀၀)ဦးဖြင့် ရွှေညောင်ဖူဆယ်အားကစားရုံ၌ ပထမအကျော့ ၊ ဒုတိယအကျော့ နှစ်ကျော့စနစ်ဖြင့်ယှဥ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်းသိရှိရကာ တောင်ကြီးမြို့ နှင့် ရွှေညောင်မြို့ပေါ်ရှိ အားကစားဝါသနာရှင်များ မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ပါကြောင်း သိရှိခဲ့ရပါသည်။