ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၄ ခုနှစ်၊ နွေရာသီအခြေခံဘတ်စကက်ဘောသင်တန်းဆင်းပွဲကျင်းပ
ရန်ကုန်၊မတ်လ(၂၉)ရက်။
နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေပြီး အားကစားကို ဝါသနာပါလာစေရန်၊ ဗလငါးတန်းနှင့် ပြည့်စုံ၍ ကျန်းမာကြံ့ခိုင်သည့် လူငယ်/လူရွယ်များ ဖြစ်ပေါ်လာစေရန်နှင့် မိမိဝါသနာပါရာ အားကစားနည်းကို လေ့လာလိုက်စားခြင်းမှ အဆင့်ဆင့် ကျွမ်းကျင်တတ်မြောက်ကာ စဉ်ဆက်မပြတ် လေ့ကျင့်ပြီး နိုင်ငံတော်အတွက် အားထားရမည့် မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၄ ခုနှစ် ၊နွေရာသီအခြေခံဘတ်စကက်ဘောသင်တန်း၊ သင်တန်းဆင်းပွဲ ဘတ်စကက်ဘောပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီ အချိန်က ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံဘတ်စကက်ဘောအားကစားရုံ၌ ကျင်းပခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲတွင် အုပ်စုလိုက် ဘောလုံးပုတ်ပြိုင်ပွဲ၊ ဂိုးသွင်းပြိုင်ပွဲ၊ ကွင်းတစ်ဝက် 3 x 3 ပြိုင်ပွဲများကို ကျင်းပပြုလုပ်၍ ဆုရရှိသူများအား မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် နည်းပြများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။
အဆိုပါ နွေရာသီ အခြေခံဘတ်စကက်ဘောသင်တန်းကို မတ်လ(၄)ရက်မှ မတ်လ(၂၉)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သင်တန်းသူ (၁၁၄)ဦး တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။


