ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ
စစ်တွေ၊ ဒီဇင်ဘာ(၃၀)ရက်။
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ် ဒီဇင်ဘာလအား လူထုအားကစားလအဖြစ်သတ်မှတ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ၊ Physical Fitness Dance များ စုပေါင်းဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ ကျင်းပသည်။
စုပေါင်းလမ်းလျှောက်ပွဲကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက စတင်ဖွင့်လှစ်ပေးပြီး ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အတူ လမ်းလျှောက်ပွဲကိုပါဝင်ဆင်နွှဲကြသည်။
ရခိုင်ပြည်နယ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို စစ်တွေမြို့ ဓညဝတီအားကစားကွင်းတွင် စုပေါင်းဆောင်ရွက်ခဲ့ကြပြီး အားကစားကွင်း ၌ စုပေါင်းကိုယ်လက် ကြံခိုင်ရေးလေ့ကျင့်ခန်း အစီအစဉ်များကို ပြုလုပ်ခဲ့ကြပြီးပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများအဖြစ် ဂိုးကျဉ်ပြိုင်ပွဲ၊မီတာ (၅၀)အပြေးပြိုင်ပွဲ၊ ကွမ်းသီးကောက်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲများကိုကျင်းပပြုလုပ်ခဲ့ပါသည်။
ယနေ့ စုပေါင်းလမ်းလျှောက်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ကျောင်းသား/သူများစုစုပေါင်းအင်အား (၅၀၀)ကျော်တို့ပါဝင်ဆင်နွှဲခဲ့ကြပါသည်။